ရီးယဲလ်အသင်းခေါင်းဆောင် ရာမို့စ်က PSG တိုက်စစ်မှူး ဘာပေထက် ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းကို ခေါ်ယူရန်ကြိုးပမ်းခြင်းက အသင်းအတွက် ပိုမိုလွယ်ကူမည်ဟု သုံးသပ်ပြောကြားခဲ့သည်။
ရီးယဲလ်အသင်းသည် PSG တိုက်စစ်မှူး ဘာပေကို ခေါ်ယူရန် ကာလရှည်ပစ်မှတ်ထားခဲ့ပြီး ယခုအခါ ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းကိုပါ ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းများထွက်ပေါ်နေသည်။
ရာမို့စ်က မိမိအနေဖြင့် ဘာပေနှင့် ဟော်လန်းတို့ (၂)ဦးစလုံးကို သဘောကျသော်လည်း ရီးယဲလ်အသင်းအနေဖြင့် ကာလရှည်ပစ်မှတ်ဖြစ်သည့် ဘာပေထက် ဟော်လန်းကို ခေါ်ယူရန်ကြိုးပမ်းခြင်းက ပိုဖြစ်နိုင်သည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။
ရာမို့စ်က “တကယ်လို့ ကျွန်တော်သာ နည်းပြဆိုရင် ဟော်လန်းရော၊ ဘာပေကိုပါ အသင်းမှာ ရှိစေချင်ပါတယ်။ ဒါပေမဲ့ ကစားသမားတွေကို ခေါ်ယူတာက နည်းပြရဲ့အလုပ်မဟုတ်ပါဘူး။ လက်ရှိအနေအထားနဲ့ အခြေအနေတွေအရ ဟော်လန်းကို ခေါ်ယူတာက ပိုလွယ်မယ်လို့ ထင်ပါတယ်။ ဟော်လန်းက အရပ်ရှည်တယ်။ မြန်တယ်။ အောင်မြင်မှုအတွက် ဆာလောင်နေသူဖြစ်ပြီး သူ့လို နံပါတ် (၉) တိုက်စစ်မှူးမျိုးကို ခေါ်တာ ရီးယဲလ်အတွက် မမှားနိုင်ပါဘူး။ ဘာပေလည်း ကောင်းပါတယ်။ ဒါပေမဲ့ ဘာပေရဲ့ အခြေအနေက ရှုပ်ထွေးပြီး ဟော်လန်းကို ခေါ်ယူဖို့ကြိုးစားတာက ပိုလွယ်ကူမှာပါ”ဟု ပြောကြားခဲ့သည်။
PSG အသင်းသည် ၂၀၂၂ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ပြင်သစ်တိုက်စစ်မှူး ဘာပေကို စာချုပ်သစ်ချုပ်ဆိုရန် ကြိုးစားနေပြီး ကစားသမားဘက်က လာမည့်နွေရာသီတွင် ပေါင်သန်း (၂၀၀)ဖြင့် ရောင်းချဖွယ်ရှိနေသည်ဟု မီဒီယာများက ဖော်ပြနေကြသည်။
နော်ဝေတိုက်စစ်မှူး ဟော်လန်းမှာမူ ဒေါ့မွန်အသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ပေါင်သန်း (၇၀)ဖြင့် ကမ်းလှမ်းလာပါက ဒေါ့မွန်အသင်းအနေဖြင့် ရောင်းချဖွယ်ရှိနေကြောင်း သိရှိရသည်။