မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာက အသင်းမှ ထွက်ခွာတော့မည့် ဝါရင့်တိုက်စစ်မှူး အဂွဲရိုးသည် လာမည့်ရာသီတွင် ဘာစီလိုနာအသင်းထံသို့ ပြောင်းရွှေ့ကစားရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
အသက် (၃၂)နှစ်အရွယ်ရှိ အဂွဲရိုးသည် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး အသင်းအတွက် (၃၈၉) ပွဲကစား၊ (၂၆၀)ဂိုး သွင်းယူခဲ့ပြီးနောက်တွင် အသင်းမှ ထွက်ခွာတော့မည်ဖြစ်သည်။
ဂွါဒီယိုလာက မန်စီးတီးအသင်း၏ အောင်ပွဲခံအခမ်းအနားအပြီး BBC’s Match of the Day နှင့် တွေ့ဆုံရာ၌ “လျှို့ဝှက်ချက်တစ်ခုကို ကျွန်တော် အတည်ပြုပေးရမလား။ အဂွဲရိုးက ကျွန်တော့် နှလုံးသားထဲမှာ ရှိနေတဲ့ အသင်းတစ်သင်းကို ပြောင်းရွှေ့ကစားဖို့ အရမ်းကိုနီးစပ်နေပါပြီ။ ဘာစီလိုနာအသင်းပါ။ သူက ဘောလုံးသမိုင်းမှာ ထာဝရအကောင်းဆုံးကစားသမားဖြစ်တဲ့ မက်ဆီနဲ့ အတူတွဲ ကစားပါတော့မယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင်ဂွါဒီယိုလာက ဆက်လက်၍ “ကျွန်တော် သေချာပေါက်ပြောနိုင်တာကတော့ ဘာစီလိုနာအသင်းမှာ သူအရမ်းပျော်ရွှင်ပါလိမ့်မယ်။ သူရှိလာတဲ့အတွက်လည်း ဘာစီလိုနာ အသင်းဟာ ကွင်းထဲမှာ ပိုတောင့်တင်းသထက် တောင့်တင်းလာပါလိမ့်မယ်။ ကျွန်တော် စနေနေ့တုန်းက သူနဲ့ စကားပြောခဲ့ပြီး မင်းဘာလုပ်ချင်သလဲ၊ မင်းရဲ့ နောက်ဆုံးရက်သတ္တပတ်မှာ ဝင်ကစားချင်သလားလို့ မေးခဲ့တယ်။ သူက နောက်ဆုံး မိနစ် (၃၀)ကို ဝင်ကစားချင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဂိုး (၂)ဂိုးသွင်းဖို့ (၃)မိနစ်ပဲ လိုတယ်ဆိုတာကိုတော့ သူမပြောခဲ့ပါဘူး” ဟု ဆိုခဲ့သည်။