မက်ဆီသည် အသင်းဟောင်းဘာစီလိုနာသို့ ပြန်မည်မဟုတ်ဘဲ အမေရိကန်ကလပ် အင်တာမိုင်ယာမီသို့သွားမည်ဖြစ်ကြောင်း ၎င်းကိုယ်တိုင်က အတည်ပြုထုတ်ဖော်ပြောဆိုလိုက်သည်။ အင်တာမိုင်ယာမီသည် မက်ဆီကို ခေါ်ယူရာတွင် အသင်း၏ ပိုင်ဆိုင်မှုတစ်စိတ်တစ်ပိုင်းကိုပါ ထည့်သွင်းကမ်းလှမ်းသဖြင့် မက်ဆီသည် အင်တာမိုင်ယာမီအသင်း၏ ပူးတွဲပိုင်ရှင် တစ်ဦးဖြစ် လာတော့မည်ဖြစ်သည်။
ဆော်ဒီပရိုလိဂ်ကလပ်အသင်းတစ်သင်းဖြစ်သော အယ်လ်ဟီလာအသင်းက မက်ဆီကို ဧရာမလုပ်ခလစာပေါင်သန်း ၂၀၀၀ ဖြင့်ကမ်းလှမ်းခဲ့ကြောင်း သတင်းများထွက်ပေါ်လာသော်လည်း မက်ဆီသည် အင်တာမိုင်ယာမီအသင်းသို့သာ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
မက်ဆီကို အသင်းဟောင်း ဘာစီလိုနာက ပြန်ခေါ်ရန်ကြိုးစားခဲ့သော်လည်း လာလီဂါကလပ်အသင်းကြီး၏ ငွေကြေးအခြေအနေကြောင့် အပြောင်းအရွှေ့မှာ အကောင်အထည်ပေါ်ခြင်းမရှိဖြစ်ကာ ယခုကဲ့သို့ အမေရိကန်ကလပ်သို့ ပြောင်းရွှေ့ရန် မက်ဆီက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ဥရောပနာမည်ကြီးအားကစားမီဒီယာတစ်ခုနှင့်အင်တာဗျူးတွင် မက်ဆီက “ကျွန်တော် ဘာစီလိုနာကို မပြန်တော့ဘူး။ အင်တာမိုင်ယာမီကိုသွားမှာဖြစ်ပါတယ်”ဟုထုတ်ပြောလိုက်သည်။

အမေရိကန်ကလပ်အသင်းသည် မက်ဆီကို လစာအမြောက်အများအပြင် အက်ဒီဒက်စ်ကုမ္ပဏီနှင့်ပါ စီးပွားရေးစာချုပ်တစ်ရပ်ချုပ်ဆိုခွင့်ရမည်ဟုလည်း ကမ်းလှမ်းခဲ့ကြောင်း သတင်းများထွက်ပေါ်လာသည်။ မက်ဆီသည် အင်တာမီုင်ယာမီအသင်းကို တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်ခွင့်ရရန်နှင့် အသင်း၏ ရုပ်သံဝင်ငွေရာခိုင်နှုန်းအချို့ကိုလည်း ခံစားခွင့်ရရှိမည်ဟုလည်း အဆိုပါကမ်းလှမ်းမှုတွင်ပါဝင်ကြောင်း သတင်းများထွက်ပေါ်လာသည်။

မက်ဆီရောက်လာမည်ဆိုသောသတင်းကြောင့် အင်တာမိုင်ယာမီအသင်းပရိသတ်များမှာ စိတ်လှုပ်ရှားနေကြပြီး ဩဂုတ်လအတွင်း နယူးယောက်ရက်ဘူးအသင်းနှင့်ကစားမည့်ပွဲ၏ လက်မှတ်ဈေးနှုန်းသည် ၁၄ ဆခန့်မြင့်တက်သွားပြီး ယခုအခါ အဆိုပါလက်မှတ်ဈေးမှု တစ်စောင်လျှင် ဒေါ်လာ ၃၀၀ ခန့်ပေါက်ဈေးဖြစ်နေသည်။