မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်းအနေဖြင့် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်အပေါ် မှီခိုလွန်းသည်ဟု ပြောဆိုမှုများမှာ မဟုတ်မှန်ကြောင်း ငြင်းဆန်ခဲ့သည်။
အသက် (၂၆)နှစ်အရွယ်ရှိ ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်သည် ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် စပို့တင်းလစ္စဘွန်းအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့လာပြီးနောက် အသင်းတွင် အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်သည်။
ဘရူနိုဖာနန်ဒက်စ်သည် ယခုရာသီ ပရီးမီးယားလိဂ် ပွဲ (၂၀)ကစားရာတွင် (၁၁)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၇)ကြိမ်အထိ ပြုလုပ်ထားရာ ယင်းပမာဏမှာ မန်ယူကစားသမားထဲတွင် အများဆုံးဖြစ်သည်။ ထို့ကြောင့် မန်ယူအသင်းအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ခြင်းမှာ ဘရူနိုဖာနန်ဒက်စ်ကြောင့် ဖြစ်သည်ဟု ပြောဆိုမှုများ ရှိနေသည်။
သို့သော် ဆိုးလ်ရှားက ဘရူနိုဖာနန်ဒက်စ်ကြောင့် မန်ယူအသင်းတိုးတက်လာသည်မှာ မှန်သော်လည်း ၎င်းမှာ အသင်း၏အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး အသင်းသားအားလုံး၏ကြိုးစားမှုကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆိုးလ်ရှားက “ဘရူနိုဖာနန်ဒက်စ်အနေနဲ့ အသင်းကို ကူညီတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ကျွန်တော်တို့ သူ့လိုကစားသမားမျိုး လိုအပ်နေချိန်မှာ ဘရူနိုဖာနန်ဒက်စ်က အသင်းကို ရောက်လာတာဖြစ်ပြီး သူ့ရဲ့စွမ်းဆောင်မှုတွေက အသင်းအတွက် ကြီးမားတဲ့အထောက်အကူဖြစ်ခဲ့ပါတယ်။ သူက အသင်းနဲ့ အံဝင်တဲ့ကစားသမားပါ။ ဒါပေမဲ့ သူဟာ အသင်းရဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ်အနေနဲ့ အသင်းဖော်တွေရဲ့ ကြိုးစားမှု၊ သူ့အပေါ် ကူညီမှုတွေကို ကျေးဇူးတင်နေမယ်လို့ သေချာပါတယ်”ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဆိုးလ်ရှားက ဘရူနိုဖာနန်ဒက်စ်မှာ ကွင်းအတွင်း အသင်းဖော်များကို စိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်ပေးနိုင်ခဲ့သည့် ကစားသမားဖြစ်ပြီး ၎င်း၏ အနိုင်ရလိုစိတ်ပြင်းပြမှုကိုလည်း ချီးကျူးစကားဆိုခဲ့သည်။