ဘာစီလိုနာအသင်းသည် ယခုနွေရာသီတွင်ခေါ်ယူထားသည့် ကစားသမားသစ်(၄)ဦးထဲမှ နောက်ခံလူ အီမာဆန်ကို တနင်္လာနေ့က နူးကမ့်ကွင်းတွင် မိတ်ဆက်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘရာဇီးလ်နောက်ခံလူ အီမာဆန်(၂၂ နှစ်)သည် ဘက်တစ်အသင်းမှ ဘာစီလိုနာအသင်းသို့ ယူရို(၉)သန်းဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ နည်းပါးသည့်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းမှာ အီမာဆန်ကို ဘက်တစ်အသင်းက အက်သလက်တီကိုမင်နဲရိုးအသင်းထံမှ ခေါ်ယူခဲ့စဉ်ကတည်းက ဘာစီလိုနာအသင်းက ပြောင်းရွှေ့ကြေးတစ်ဝက် ပေးချေခဲ့ပြီး ပူးတွဲပိုင်ကစားသမားအဖြစ် သတ်မှတ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် အီမာဆန်ကို ဘရာဇီးလ်ညာနောက်ခံလူများဖြစ်သည့် အဲလ်ဗတ်စ်ကဲ့သို့ ဖြစ်လာစေရန် မျှော်လင့်ထားကြောင်း သိရသည်။

မိတ်ဆက်ပွဲတွင် အီမာဆန်က ”ကျွန်တော့်ရဲ့ အိပ်မက်က ဘာစီလိုနာ အသင်းအတွက် ကစားခွင့်ရဖို့လို့ ကျွန်တော်အမြဲ ပြောခဲ့ဖူးပါတယ်။ အခု ဒီကိုရောက်လာတာ တကယ် ကျေနပ်စရာပါပဲ။ အားလုံးကို ကတိပေးချင်တာက တော့ ကျွန်တော့်ရဲ့ အကောင်းဆုံးစွမ်းရည်ကို အသင်း အတွက် ပေးဆပ်သွားမယ်ဆိုတာပါပဲ။ ဒီအသင်းမှာ ဘယ်လောက်ခက်ခဲမယ်ဆိုတာ ကျွန်တော် သိပါ တယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ကြိုးစားမှုကြောင့် ရှုံးနိမ့် မှာ မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။
အီမာဆန်သည် ညာနောက်ခံလူများ များပြားနေသည့် ဘာစီလိုနာအသင်း၌ နေရာလုရမည်ဖြစ်သော်လည်း တိုက်ပွဲဝင်သွားရန် အသင့်ရှိသည်ဟုလည်း ပြောကြားခဲ့သည်။
ထို့ပြင် အဲလ်ဗတ်စ်မှာ မိမိ၏စံပြကစားသမားတစ်ဦးဖြစ်ကြောင်းနှင့် ဘာစီလိုနာအသင်းနှင့်ပတ်သက်၍ စကားများစွာ ပြောခဲ့ဖူးကြောင်းလည်း ပြောကြားခဲ့သည်။
အီမာဆန်သည် ဘက်တစ်အသင်း၌ နောက်ဆုံးနှစ်ရာသီဆက် အမာခံကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ (၇၉)ပွဲကစားကာ (၅)ဂိုးသွင်းနိုင်ခဲ့သည်။