ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက နာပိုလီအသင်းနှင့်ပွဲ၌ ခြေစွမ်းပြကစားခဲ့သည့် ကြယ်ပွင့်ကစားသမား ဘယ်လင်ဟမ်မှာ ဘောလုံးလောကအတွက်လက်ဆောင်တစ်ခုဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။
အသက် (၂၀)သာရှိသေးသည့် အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဘယ်လင်ဟမ်သည် နာပိုလီအသင်းအား (၄-၂) ဂိုးဖြင့် အနိုင်ရသည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ကိုယ်တိုင်တစ်ဂိုးသွင်းယူခဲ့သလို ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်ပေးပြီး ယင်းပွဲအတွက် အကောင်းဆုံးကစားသမားဆု ရရှိခဲ့သည်။
ဘယ်လင်ဟမ်အနေဖြင့် ရီးယဲလ်အသင်းအတွက် ပထမဆုံးကစားခွင့်ရသည့် ချန်ပီယံလိဂ်ပွဲစဉ် (၄)ပွဲစလုံး ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို ပြိုင်ပွဲစုံ (၁၆)ပွဲကစား၊ (၁၅)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၃) ကြိမ် ပြုလုပ်ပေးထားနိုင်ပြီဖြစ်သည်။
သို့ဖြစ်ရာ ဘယ်လင်ဟမ်အား ရီးယဲလ်အသင်း ဂန္ထဝင်ကွင်းလယ်လူ ဇီဒန်းနှင့် နှိုင်းယှဉ်မေးမြန်းမှုအပေါ် အန်ဆယ်လော့တီက “မတူညီတဲ့မျိုးဆက်နှစ်ခုကို နှိုင်းယှဉ်ဖို့က ခက်ခဲပါတယ်။ ကျွန်တော် မြင်ရတာတော့ သူ့ရဲ့အရည်အသွေးက ပယ်နယ်တီဧရိယာထဲ ရောက်အောင်သွားနိုင်တာပါပဲ။ အဲဒီစွမ်းရည်မျိုး ဇီဒန်းဆီမှာ မရှိပါဘူး။ ပြီးတော့ ဇီဒန်းမှာရှိတဲ့ တစ်ဦးချင်းအရည်အသွေးကလည်း ဘယ်လင်ဟမ်ဆီမှာ မရှိပါဘူး။ ဒါပေမဲ့ ဒါက မော်ဒန်ဘောလုံးပါ။ မော်ဒန်ဘောလုံး မှာ ဘယ်လင်ဟမ်လို ကြံ့ခိုင်တဲ့ကစားသမားတွေ လိုအပ်ပါတယ်။ သူက ကွင်းထဲမှာ နေရာအများကြီးကို လျင်လျင်မြန်မြန်နဲ့ လွှမ်းမိုးနိုင်ပါတယ်။ သူက နေ့စဉ်နေ့တိုင်း၊ ပွဲစဉ်တိုင်းမှာ အံ့အားသင့်စရာတွေ လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ကို တင်မဟုတ်ဘဲ အားလုံးကို အံ့အားသင့်စေတာပါ။ သူက ဘောလုံးအတွက် လက်ဆောင်တစ်ခုပါပဲ။ သူ့ရဲ့နည်းပြနဲ့ အသင်းဖော်တွေက သူနဲ့အတူရှိနေရတာကို ဝမ်းသာကြပါတယ်။ ပရိသတ်တွေကလည်း သူရှိနေတာကို ဝမ်းသာပါတယ်။ ဒီလိုအလားအလာနဲ့ အပြုသဘောဆောင်တဲ့ ပုံရိပ်ရှိတဲ့ကစားသမားကို ကြည့်ရတာ လူတိုင်းသဘောကျပါတယ်”ဟု ဖြေကြားခဲ့သည်။
ဘယ်လင်ဟမ်သည် ပရီးမီးယားလိဂ်တွင် မကစားခဲ့ဖူးဘဲ လိဂ်ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်းမှတစ်ဆင့် ဘွန်ဒစ်လီဂါထိပ်သီးကလပ် ဒေါ့မွန်အသင်းထံသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သလို၊ ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့လာပြီးနောက်တွင်လည်း အချိန်တိုအတွင်း အဓိက ကစားသမားနေရာကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။