ချဲလ်ဆီး အသင်း ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ပွဲဆက်တိုက် အရေးနိမ့်ခဲ့ပြီး ၊ အဲ့ဒီပွဲတွေမှာ ညာတောင်ပံ အခြမ်း မှာ အဓိက ကစားသမား ဟာကင် ဇီယက်ချ် ကို တံကောက်ကြော ဒဏ်ရာကြောင့် အသုံးမပြုခဲ့ရပါဘူး ။
ဒီအတွက်ကြောင့် ပြီးခဲ့တဲ့ စနေနေ့က အဲဗာတန် နဲ့ ပွဲမှာ ညာတောင်ပံ တိုက်စစ် အတွက် ဂျာမန် ကွင်းလယ် တိုက်စစ် ကစားသမား ကိုင်ဟာဗက်ဇ် ကို အသုံးပြုခဲ့ရပြီး ၊ ကြားရက်က ဝုလ်ဗ် နဲ့ ပွဲမှာတော့ ညာတောင်ပံ တိုက်စစ် နေရာ အတွက် အမေရိကန် ဘယ်တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ် နဲ့ ဂျာမနီ တိုက်စစ်မှူး တီမို ဗာနာ တို့က တပိုင်းစီ တာဝန်ယူခဲ့ပါတယ်
ပူလီဆစ် ဟာ ကြားရက် က ဝုလ်ဗ် နဲ့ ပွဲမှာမှ တံကောက်ကြော ဒဏ်ရာမှ ပြန်လာနိုင်ခဲ့တာဖြစ်ပြီး ကြံ့ခိုင်မှု ပြည့်မပြည့် ကိုပင် ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် မှ သိပ်ပြီး ဂရုမပြုပဲ အရေးပေါ် အသုံးပြုခဲ့ရပါတယ် ။ ဗာနာ ကတော့ ဒီ ၂ပွဲမတိုင်ခင် ကတည်းက တောင်ပံ တိုက်စစ် နေရာတွေမှာ ကစားခဲ့ဖူးလို့ ပြဿနာ မရှိပေမယ့် ၊ ၎င်းရဲ့ ခြေစွမ်းက သာမန်ထက် မပိုပါဘူး ။
အထောင် တိုက်စစ် နေရာ ကသာ တီမို ဗာနာ ရဲ့ အကောင်းဆုံး အရည်အသွေး ကို မြင်ရမယ့် နေရာ ဖြစ်တာကို ချဲလ်ဆီး ပရိသတ်တိုင်း က လက်ခံထားကြပါတယ် ။ လောလောဆယ် တောင်ပံ ကစားသမား ရွေးချယ်စရာ ကစားသမား မရှိနေသလို ၊ တိုက်စစ်မှူး ကလည်း ဗာနာ အပြင် အရန် ၂ဦး ရှိနေလို့ ၊ လမ်းပတ် ဟာ လိုအပ်နေတဲ့ အချိန် ဗာနာ ကို တောင်ပံ ပို့ထားရတာ ဖြစ်ပါတယ် ။
တဖက်မှာ လမ်းပတ် အနေနဲ့ ဒီလို တောင်ပံ ကစားသမား ပြတ်လပ်မှု နဲ့ မကြာခဏ ကြုံနေရလို့ ရလဒ်ပိုင်း ထိခိုက်မယ် ဆိုရင် တောင်ပံ ကစားသမား မပါဝင်တဲ့ ကစားကွက်မျိုး ကို အရန် plan အနေနဲ့ ပြင်ဆင်ထားသင့်ပါတယ် ။ ချဲလ်ဆီး ပရိသတ် တွေကတော့ အထောင် တိုက်စစ်မှာ တီမို ဗာနာ နဲ့ အိုလီဗီယာ ဂျရူး တွဲလျက် ပုံစံ ၊ ၄ – ၁ – ၃ – ၂ ကစားကွက် ကို တောင်းဆို နေကြပါတယ် ။
ဖရန့် လမ်းပတ် ကတော့ ကစားကွက် က လက်တလော ရလဒ်ပိုင်း ပြန်ကျလာတာနဲ့ ဘာမှ သက်ဆိုင်မှု မရှိကြောင်း တုန့်ပြန်ထားပြီး ဖြစ်တဲ့အတွက် ၊ သုံးနေကျ ၄ – ၃ – ၃ ကစားကွက်ပဲ ရှေ့ဆက် မြင်တွေ့ရဖို့ များနေပါတယ် ။
မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ လမ်းပတ် က အထောင် တိုက်စစ် နေရာ နဲ့ တောင်ပံ တိုက်စစ် နေရာ က တီမို ဗာနာ ရဲ့ အရည်အသွေး ကွာခြားချက် ၊ ဝုလ်ဗ် နဲ့ ပွဲရဲ့ ပထမပိုင်း မှာ ပူလီဆစ် ဘယ်တောင်ပံ ကစားနေရာကနေ ၊ ဒုတိယပိုင်း မှာ ညာတောင်ပံ ရောက်သွားခြင်း စတဲ့ အကြောင်းအရာ တွေကို အခုလိုပဲ ဆွေးနွေးပေးခဲ့ပါတယ် ။
လမ်းပတ် က ” ဗာနာ ကို တောင်ပံ တိုက်စစ် မှာ သုံးရတာ အကြောင်း အမျိုးမျိုး ရှိပါတယ် ။ ရာသီ အစတုန်းက ကျွန်တော်တို့ အသင်း အထောင် တိုက်စစ် နေရာ မှာ ဘာကြောင့် နံပါတ် ၉ စစ်စစ် တိုက်စစ်မှူးမျိုး မသုံးတာလဲ ဆိုပြီး အမေးထူခဲ့ပါသေးတယ် ။ အခုကျတော့ ဗာနာ ကို ဘာလို့ အထောင် တိုက်စစ် နေရာကို ပြန်မပို့ပေးတာလဲ ဆိုပြီး မေးလာပြန်ပါတယ် ။ ”
” တီမို ဟာ လစ်ပ်ဇစ် နဲ့ ဂျာမနီ လက်ရွေးစင် အသင်း တွေမှာ အထောင် တိုက်စစ် နေရာမှာ ပုံမှန် ကစားလေ့ရှိပြီး ၊ တခါတလေ ကျပြန်တော့လည်း တောင်ပံ နဲ့ နောက်ချန် တိုက်စစ် နေရာတွေမှာ ကစားတတ်ပါတယ် ။ သူဟာ ရောက်ရနေရာတိုင်း မှာ ဒီ အခန်းကဏ္ဍတွေမှာ ကစားထားဖူးတဲ့ အတွက် အခုအချိန် သူ တောင်ပံ တိုက်စစ်မှာ ကစားရတာ ပြဿနာ တရပ် မဟုတ်ဘူး လို့ ကျွန်တော် ထင်ပါတယ် ။ ”
” တိုက်စစ် ၃နေရာ မှာ တီမို ဟာ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ကစားနိုင်စွမ်း ရှိပါတယ် ။ ခရစ်တီယန် ကို ပထမ တပိုင်း ဘယ်တောင်ပံ ၊ ဒုတိယ တပိုင်း ညာတောင်ပံ မှာ ကစားစေခဲ့တာ က ကျွန်တော့ ရဲ့ ဆုံးဖြတ်ချက်ပါ ။ တခါတလေကျရင် ပွဲအခြေအနေ အပေါ် မူတည်ပြီး ကစားတဲ့ နေရာတွေကို အပြောင်းအလဲ လိုက်လုပ်ရပါတယ် ။ ”
” တီမို နဲ့ ခရစ်တီယန် တို့ဟာ တောင်ပံ တိုက်စစ် ၂နေရာလုံး မှာ လိုသလို အပြောင်းအလဲ လုပ်ကစားနိုင်လို့ ၊ ဒီလို နေရာ ပြောင်းလိုက်တာ ကျွန်တော့ ရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ် ။ ဒါပေမယ့် သူတို့ ၂ယောက်လုံး ဟာ ညာတောင်ပံ တိုက်စစ် သက်သက် ကစားပေးနိုင်တဲ့ ဟာကင် ဇီယက်ချ် ထက်တော့ ညာတောင်ပံ မှာ ပိုပြီး မကောင်းနေပါဘူး ။ ”
” တီမို ဟာ ၃ယောက်တန်း တိုက်စစ် ရဲ့ ဘယ်အခြမ်း ၊ ညာအခြမ်း တွေမှာ အရင်ကတည်းက ကစားခဲ့ဖူးပါတယ် ။ ခရစ်တီယန် ဆိုရင်လည်း ဒေါ့မွန်မှာ ဒီလိုပဲ ကစားခဲ့ဖူးပါတယ် ။ မနှစ်က ဒေါ့မွန် အသင်း ကနေ ကျွန်တော်တို့ဆီ ပြောင်းလာတော့လည်း ဒီအတိုင်း ကစားပေးခဲ့ပါတယ် ။ တခါတလေကျရင် ဒီလို ကစားသမား တွေက ပြိုင်ဖက် ကို အတွေးကြပ်စေတယ် လို့ ခံစားရပါတယ် ။ ”
” ဝုလ်ဗ် နဲ့ ပွဲရဲ့ ဒုတိယပိုင်း မှာ ခရစ်တီယန် ညာတောင်ပံ ကို ပြောင်းကစားခဲ့တုန်းက ပြိုင်ဖက် ရဲ့ ညာအခြမ်း ခံစစ် ကို သူ့ရဲ့ အလိမ်အခေါက် စကေး နဲ့ အကြိမ်ကြိမ် ဒုက္ခပေးနိုင်ခဲ့တာ ကို တွေ့ရပါတယ် ။ သူတို့ ၂ယောက်လုံး ကို လိုသလို နေရာ အပြောင်းအလဲ လုပ်ပြီး ကစားလို့ ရတာကို ကျွန်တော် နှစ်သက်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။