မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ ဒီမစ်တာ ဘာဘာတော့ဗ်က လက်ရှိ အသင်းမှာ ပွဲထွက် ကစားခွင့် မိနစ်တွေ လုံလောက်စွာ မရဘူးဆိုရင် နယ်သာလန် လက်ရွေးစင် ဒွန်နီ ဗန်ဒီ ဘိခ်ဟာ အိုးလ် ထရပ်ဖို့ဒ်မှ ထွက်ခွာသွားနိုင် လိမ့်မယ်လို့ ဆိုးလ်ရှားကို သတိပေး သွားခဲ့လိုက် ပါတယ် ။
ပြီးခဲ့တဲ့ နွေတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်ရှိ လာခဲ့တဲ့ ဗန်ဒီ ဘိခ်ဟာ လက်ရှိ ဘောလုံး ရာသီ အတွင်း အသင်း အတွက် 21 ပွဲ ကစားပေးခွင့် ပိုင်ဆိုင် ထားနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် အမှတ်ပေး ဖလား ပြိုင်ပွဲ မှာတော့ 2 ပွဲသာ ပွဲထွက် ကစားခွင့် ရရှိ ထားခဲ့ပါ သေးတယ် ။
ဒါ့အပြင် အခြား ပွဲစဉ် အများစု မှာလည်း သူဟာ မိနစ်ပိုင်း မျှသာ လူစားဝင် ကစားခွင့် ရရှိ ခဲ့တဲ့ ကစားသမား အဖြစ်သာ ပါဝင်ခွင့် ပိုင်ဆိုင် ထားနိုင်ခဲ့ ပါတယ် ။ သူဟာ ယူနိုက်တက်တို့ ဘန်လေ အသင်းကို 1 – 0 နဲ့ နိုင်ခဲ့တဲ့ FA ဖလား ပွဲစဉ် မှာသာ မိနစ် 90 ကစားခွင့် ပိုင်ဆိုင် ထားခဲ့ ပါတယ် ။
ဒါ့ကြောင့် နယ်သာလန် လက်ရွေးစင် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း အချို့ နဲ့ ဘောလုံး ပရိသတ် တွေက ဇန်နဝါရီ မှာ သူ့ကို အသင်း ပြောင်းရွှေ့ လိုက်ဖို့ ၊ ဒါမှမဟုတ် အငှား ထွက်ခွာ ကစားဖို့ ဗန်ဒီ ဘိခ်ကို တိုက်တွန်းမှုတွေ ကိုယ်စီ ဆက်တိုက် လုပ်ဆောင် ထားခဲ့ ကြပါ သေးတယ် ။
အခုတော့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ် က နယ်သာလန် လက်ရွေးစင်ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲထဲမှာ ဘာကြောင့် ပွဲထွက် ကစားခွင့် မိနစ်တွေကို အများကြီး မပိုင်ဆိုင် ရတာလဲ ဆိုတာ နည်းပြ ဖြစ်သူကို မေးခွန်းထုတ်သင့်ကြောင်း ပြောကြား ခဲ့လိုက် ပါတယ် ။
” အကယ်လို့ လုံလောက်တဲ့ ပွဲထွက် ကစားခွင့်တွေကိုမှ မပေးနိုင်ဘူး ဆိုရင် အသင်းက ဘာလို့ ငွေအများကြီး ပေးပြီး သူ့ကို ခေါ်ယူခဲ့ကြသေးတာလဲ ဆိုတဲ့ အကြောင်း တွေးတောရင်း ကျွန်တော် စိတ်တွေ ရှုပ်ထွေး နေခဲ့ ရပါ သေးတယ် ”
” ကျွန်တော်ကသာ သူ့ရဲ့ နေရာမှာ ဆိုရင် မန်နေဂျာ ရဲ့ အခန်း တံခါးကို ခေါက်ပြီး ‘ ဘော့စ် ၊ ဘာတွေ ဖြစ်နေတာလဲ ? နောက်ထပ် ပွဲကစားချိန် မိနစ်တွေ အများကြီး ပိုင်ဆိုင် ရဖို့ အတွက် ကျွန်တော် ဘာတွေ ဆက်ပြီး လုပ်ပြရ ဦးမှာလဲ ? ‘ ဆိုတာကို မေးမြန်း လိုက်မှာ ပါပဲ ”
” ဒါက စိတ်ရှုပ်စရာ ကောင်းတဲ့ အနေအထား တစ်ခုပါ ။ သူဟာ စိတ်တို နေလိမ့်မယ်လို့ ကျွန်တော် သေချာပေါက် ပြောရဲ ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ပွဲထွက် ကစားခွင့် မိနစ် တွေကို မရရှိ ကြတဲ့ ကစားသမား တိုင်းက စိတ်ဆိုး ကြမယ်ဆိုတာ သဘာဝ ကျလို့ ပါပဲ ”
” သူ့ရဲ့ မျက်နှာကို ကြည့်ရုံနဲ့ လူကောင်းလေးပဲ ဆိုတာကို ကျွန်တော်တို့ သိနိုင် ပါတယ် ။ သူဟာ အနည်းငယ် ပိုပြီး မာန်ပါပါ နဲ့ ကစားပေး နိုင်ဖို့ ဒေါသတကြီး ကစားပေး နိုင်ဖို့ အနည်းငယ် လိုအပ် နေတယ် လို့ပဲ ကျွန်တော် ထင်မိ ပါတယ် ။ ကစားခွင့် မရတဲ့ အတွက် သူ မပျော်ဘူး ဆိုတာကို ပြသဖို့ လိုအပ် ပါတယ် ”
” ရိုးရှင်း ပါတယ် ၊ သူဟာ ပွဲထွက် ကစားခွင့် တွေကို မရရင် ယုံကြည်မှု တွေလည်း လျော့ကျ နေမှာ ပါပဲ ။ ပွဲစဉ် တွေမှာလည်း သူဟာ ဘောလုံးကို တစ်ချက်ထိ ၊ နှစ်ချက်ထိ လောက်သာ ကစားရင်း ဘောလုံး ပေးပို့မှု မမှားဖို့ လောက်ပဲ အာရုံစိုက် ကစားပေး နေရ သလို ဖြစ်နေခဲ့ရ ပါတယ် ”
” ဒီအနေအထား အမြန်ဆုံး ပြေလည် နိုင်ပါစေလို့ ကျွန်တော် မျှော်လင့် နေပါတယ် ။ ဒါမှ မဟုတ်ရင် သူဟာ ပွဲထွက်ခွင့် ရနိုင်ဖို့ အခြား အသင်းဆီ ပြောင်းရွှေ့ သွားပါ လိမ့်မယ် ။ ကစားခွင့် မရရင် အခြား နေရာကို ပြောင်းလိုက်တာ အကောင်းဆုံး ပါပဲ ” လို့ ဘာဘာတော့ဗ် က ပြောကြား သွားခဲ့လိုက် ပါတယ် ။