ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာ က ဘဏ္ဍာရေးအခြေအနေကြောင့် အပြောင်းအရွှေ့သတင်းများထွက်ပေါ်နေသည့် ဂရီးဇ်မန်းအား ထွက်ခွာခွင့်ပြုဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းတွင် ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်နေရသည့် ပြင်သစ်တိုက်စစ်မှူး ဂရီးဇ်မန်းကို အသင်းဟောင်း အက်သလက်တီကိုက ပြန်လည်ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ဂရီးဇ်မန်းနှင့် အက်သလက်တီကိုကွင်းလယ်လူ ဆာအူလ်တို့ အလဲအထပ်ပြုလုပ်ရန်စီစဉ်နေသော်လည်း အပြောင်းအရွှေ့အတွက် နှစ်ဖက်အသင်း ဆွေးနွေးမှု သဘောတူညီမှုမရသဖြင့် ပျက်ပြယ်သွားပြီဖြစ်ကြောင်းလည်း စပိန်သတင်းစာများက ပြီးခဲ့သည့်ရက်ပိုင်းတွင် ဖော်ပြခဲ့သည်။
သို့ဖြစ်ရာ ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက ၎င်း၏အပြောင်းအရွှေ့နှင့် ပတ်သက်၍ “ဂရီးဇ်မန်းက ဘာကာကစားသမားတစ်ယောက်ပါ။ သူ့ရဲ့စာချုပ်က ၂၀၂၄ အထိ ရှိပါသေးတယ်။ စျေးကွက်ထဲမှာ လှုပ်ရှားမှုတချို့ရှိနေပြီး သူ့ကိုစိတ်ဝင်စားမှုတွေ ရှိတယ်ဆိုတာ ကျွန်တော်တို့ မငြင်းနိုင်ပါဘူး။ ဒါက သူ့ရဲ့အရည်အသွေးကြောင့်ပါ။ စျေး ကွက်အခြေအနေက ထူးခြားလို့ အလဲအထပ် သဘောတူညီမှုအပါအဝင် ကိုယ်စိတ်ကူးထားတာတွေကို ကိုယ်တိုင်အသုံးပြုနိုင်ဖို့ လိုပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က အန်တွမ်ရဲ့တန်ဖိုးကို အများကြီး သတ်မှတ်ထားပါတယ်။ အသင်းအနေနဲ့ သူ့အတွက် ရင်းနှီး မြှုပ်နှံမှု ကြီးကြီးမားမား လုပ်ထားရတာပါ။ သူ အသင်းမှာရှိနေလို့လည်း ဝမ်းသာပါတယ်။ သူ့လိုအဆင့်မျိုးရှိတဲ့ ကစားသမားကို ကမ်းလှမ်းဖို့ဆိုတာ အသင်းတစ်သင်းအတွက် မလွယ်ပါဘူး။ အပြောင်းအရွှေ့စျေးကွက်က စတင်နေပြီဖြစ်ပြီး ဂရီးဇ်မန်းအတွက်လည်း စျေးကွက်တစ်ခုရှိပါတယ်။ တချို့ကိစ္စတွေ စပြီးလှုပ်ရှားလာပြီဆိုရင် ကျွန်တော်တို့ကလည်း အဆိုပြုမှုအားလုံးကို လက်ခံသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ဘဏ္ဍာရေးက ထိရှလွယ်တဲ့အခြေအနေဖြစ်လို့ပါ။ လိဂ်ပြိုင်ပွဲရဲ့ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီအောင် အသုံးစရိတ်ချိန်ညှိဖို့လည်း လိုပါတယ်” ဟု ပြောကြားခဲ့သည်။