မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက အသင်းခေါင်းဆောင် မက်ဂွိုင်းရားသည် ဗီလာရီးယဲလ်အသင်းနှင့်ကစားမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲကို လွဲချော်ဖွယ်ရှိနေကြောင်း ပြောကြားခဲ့သည်။
အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းရား(၂၈ နှစ်)သည် မေလ (၉)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အက်စတွန်ဗီလာ (၁-၃) မန်ယူပွဲတွင် ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့သည်။
၎င်းသည် အဆိုပါဒဏ်ရာကြောင့် မန်ယူအသင်း၏ပွဲစဉ် (၃)ပွဲကို လွဲချော်ခဲ့သလို၊ မေလ (၂၃)ရက်တွင် ဝုလ်ဗ်အသင်းနှင့် ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်အပြင် မေလ (၂၆)ရက်တွင် ကစားမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲကိုပါ လွဲချော်ဖွယ်ရှိနေသည်။
ဆိုးလ်ရှားက “မက်ဂွိုင်းရားအနေနဲ့ လမ်းလျှောက်နိုင်ပေမဲ့ ပြေးလွှားနိုင်ဖို့က အချိန်ယူရဦးမှာပါ။ ကျွန်တော်တို့အနေနဲ့ သူ့ကို အကောင်းဆုံးကုသမှုတွေ ပြုလုပ်သွားမှာဖြစ်ပေမဲ့ ဗီလာရီးယဲလ်နဲ့ပွဲမှာတော့ သူ ပါဝင်ကစားနိုင်မယ်လို့ မထင်ပါဘူး။ မက်ဂွိုင်းရားရဲ့ဒဏ်ရာအခြေအနေဟာ တိုးတက်လာပေမဲ့ အလုံးစုံပြန်ကောင်းလာဖို့တော့ အချိန်ယူရဦးမှာပါ”ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် မက်ဂွိုင်းရား မကစားနိုင်သည့် ပရီးမီးယားလိဂ်နောက်ဆုံး (၃)ပွဲတွင် နိုင်ပွဲမရှိဘဲ (၂)ပွဲရှုံး၊ (၁)ပွဲသရေ ရလဒ်ထွက်ပေါ်ခဲ့ပြီး ခံစစ်က (၆)ဂိုးအထိ ပေးခဲ့ရသည်။