မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းရားသည် တနင်္ဂနွေနေ့ က ဗီလာအသင်းနှင့်ပွဲတွင် ခြေထောက်ဒဏ်ရာရရှိခဲ့သောကြောင့် ယူရိုပါလိဂ်ဗိုလ်လုပွဲကို လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။
နောက်ခံလူ မက်ဂွိုင်းရားသည် ဗီလာအသင်းကစားသမား အယ်လ်ဂါဇီနှင့်ထိခိုက်ရာမှ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပြီး ဒုတိယပိုင်း ၇၈ မိနစ်တွင် ဘာယီနှင့် လူစားလဲခဲ့ရသည်။
၎င်း၏ဒဏ်ရာကို Scan စစ်ဆေးမှု မလုပ်ရသေးသော်လည်း ရက်သတ္တပတ်အနည်းငယ်မှ တစ်လဝန်းကျင်အထိ အနားယူရနိုင်ကြောင်း နည်းပြ ဆိုးလ်ရှားက ခန့်မှန်းပြောကြားခဲ့ရာ ၎င်းအနေဖြင့် ယူရိုပါလိဂ်ဗိုလ်လုပွဲကို လွဲချော်ဖွယ်ရှိနေခြင်းဖြစ်သည်။
”ဗိုလ်လုပွဲအတွက် ဟာရီအဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခြေအနေဘယ်လိုရှိသလဲဆိုတာ ကျွန်တော်မသိပါဘူး။ ကျွန်တော်တို့ စစ်ဆေးမှုတွေလုပ်ဖို့ လိုပါတယ်။ ရက်သတ္တပတ်အနည်းငယ် ဒါမှမဟုတ် တစ်လလောက်လည်း ဖြစ်နိုင်တယ်။ ခြေသလုံး ဒါမှမဟုတ် ခြေထောက်အောက်ပိုင်း ထိခိုက်မိတာပါ”ဟု ဆိုးလ်ရှားက ပြောကြားသည်။
မန်ယူအသင်းသည် ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် မေ ၂၆ ရက်တွင် ဗီလာရီးယဲလ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။