ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ဒီနှစ် နွေစျေးကွက်ထဲမှာ လှုပ်ရှားပုံတွေ အတော်လေး အားရစရာ ကောင်းနေခဲ့ ပါတယ် ။ အခုထိတော့ ယူနိုက်တက်တို့ဟာ ဂိုးသမားနေရာအတွက် တွမ်ဟီတန်ကို ပြန်လည် ခေါ်ယူထားကြပြီး ကာလရှည် ပစ်မှတ် ထားနေခဲ့တဲ့ ဂျေဒန် ဆန်ချိုကိုလည်း ခေါ်ယူထားကြပါပြီ ။အခုတော့ ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ ယူနိုက်တက် တို့ဟာ ဗဟို ခံစစ် နေရာမှာ အသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွားယားနဲ့ တွဲဖက် ကစားစေဖို့အတွက် ရီးယဲ မက်ဒရစ် အသင်းရဲ့ နောက်ခံလူ ရာဖေး ဗာရာနီကို ခေါ်ယူဖို့ အကြို သဘော တူညီမှု ရယူထားနိုင်ခဲ့ ကြပြီလို့ သိရှိလိုက်ရ ပါတယ် ။
ထွက်ပေါ်နေတဲ့ သတင်းတွေကတော့ ယူနိုက်တက်တို့ဟာ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် 35 သန်း (+ အပိုဆုကြေး) နဲ့ ကမ်းလှမ်းပြီး ရီးယဲ မက်ဒရစ် အသင်း နဲ့ အကြို သဘော တူညီမှု ရယူထားနိုင်ခဲ့တာ ဖြစ်တယ်လို့ သိလိုက်ရ ပါတယ် ။အခြားတစ်ဖက်မှာတော့ ကစားသမားဟာ မနေ့ကအထိ လေ့ကျင့်ရေးကွင်းမှာ ရီးယဲ မက်ဒရစ် အသင်းဖော်တွေနဲ့ အတူ လေ့ကျင့်နေခဲ့တယ်လို့ သိခဲ့ရ ပါတယ် ။ ဒါ့ကြောင့် အပြောင်းအရွှေ့ တရားဝင် ဖြစ်လာဖို့ အတွက် ရက်ပိုင်းလောက် ဆက်လက် စောင့်ဆိုင်းရလိမ့်မယ်လို့ သိရှိနေရ ပါတယ် ။
အခြားတစ်ဖက်မှာတော့ ယူနိုက်တက် အသင်းဟာ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာကို စာချုပ် သက်တမ်း တိုးမြှင့်ဖို့ ကမ်းလှမ်းထားခဲ့ပေမယ့် ကစားသမားဖက်က ပယ်ချခဲ့တယ်လို့ သိခဲ့ရ ပါတယ် ။ သူ့ကို ခေါ်ယူဖို့ အတွက်တော့ ပိုချက်တီနိုရဲ့ PSG အသင်းက စိတ်အားထက်သန် နေခဲ့တယ်လို့လည်း သိနေခဲ့ရ ပါတယ် ။
ဒါ့ကြောင့် ယူနိုက်တက်တို့ဟာ ကစားသမား ဖြစ်သူကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် မပေးပဲ ဒီနွေမှာပဲ ရောင်းချလိုက်လိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ရပါတယ် ။ ဒါပေမဲ့ ယူနိုက်တက်တို့ဟာ ပေါ့ဂ်ဘာကို ခေါ်ယူခဲ့စဥ်တုန်းကလို မြင့်မားလှတဲ့ ပြောင်းရွှေ့ကြေး ရရှိမှာ မဟုတ်ပဲ စျေးလျှော့ ရောင်းချရပါလိမ့်မယ် ။
ဒီအတွက် ယူနိုက်တက် နည်းပြဆိုးလ်ရှားဟာ အစားထိုး ခေါ်ယူဖို့ ကစားသမား ရှာဖွေ နေတယ်လို့ သိရပြီး လက်ရှိပစ်မှတ်ထား နေခဲ့တဲ့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန် ရိုက်စ် နဲ့ ရင်းနစ် အသင်းရဲ့ လူငယ်ကြယ်ပွင့် ကာမာဗင်ဂါ တို့ထဲက တစ်ဦးကို အရ ခေါ်ယူဖို့ လုပ်ဆောင် သွားလိမ့်မယ်လို့ သတင်းထွက်လာခဲ့ပါတယ် ။ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ ခြေစွမ်းကောင်းတွေကြောင့် နာမည်ရနေတဲ့ ကစားသမားတွေကို ဥရောပ ထိပ်သီးကလပ် အများစုက စိတ်ဝင်စားနေကြတဲ့အတွက် ပြောင်းရွှေ့ကြေး မြင့်မားလိမ့်မယ်လို့ သိနေရ ပါတယ် ။ သူတို့ကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ပြိုင်ဖက် ချဲလ်ဆီး အသင်းကလည်း စိတ်ဝင်စား နေတယ်လို့ သိနေရ ပါတယ် ။
ယူနိုက်တက်တို့ နောက်ထပ် ပစ်မှတ်ထားလို့ ရနိုင်တဲ့သူ တစ်ဦး ရှိနေပါသေးတယ် ။ အဲ့တာကတော့ အက်သလက်တီကို မက်ဒရစ် အသင်းမှ ဆောလ် နီဂွတ်ဇ်ပဲ ဖြစ်ပါတယ် ။ အသက် 26 နှစ် အရွယ် ကွင်းလယ်လူကို ခေါ်ယူနိုင်ဖို့ အတွက် ပရီးမီးယားလိဂ် ပြိုင်ဖက် ချဲလ်ဆီး နဲ့ လီဗာပူး အသင်းတွေက စိတ်ဝင်စား နေကြတယ်လို့ သိရ ပါတယ် ။
ဒါ့အပြင် ယူနိုက်တက် တို့ဟာ ညာ နောက်ခံလူ နေရာအတွက် အက်သလက်တီကို မက်ဒရစ် အသင်းမှ ကီရန် ထရစ်ပီးယားကို စိတ်ဝင်စားနေသေးပြီး ဆန်ချို ၊ ဗာရာနီ ပြီးရင်တော့ အင်္ဂလန်သားဟာ ဆိုးလ်ရှား ခေါ်ယူလိုက်တဲ့ တတိယမြောက် တန်ဖိုးမြင့် ကစားသမား ဖြစ်လာနိုင်ဖို့ သတင်းကြီး နေပါတယ် ။