ရီးရဲလ်တောင်ပံကစားသမား ဗင်နီဆီးယက်စ်တစ်ယောက် ဗလန်စီယာနဲ့ပွဲမှာ ဗလန်စီယာဂိုးသမား ဒီမီထရီဗက်စကီးရဲ့ခေါင်းကို လက်နဲ့တွန်းထိုးခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြသခံခဲ့ရပြီး ၂ ပွဲပယ်ခံရတော့မှာဖြစ်ပါတယ်။ အဆိုပါအနီကတ်ကို အသင်းဖော် ရူဒီဂါက ကွင်းလယ်ဒိုင်အား စောဒဂတက်ခဲ့ပေမယ့် အတည်ပြုခဲ့တာဖြစ်ပါတယ်။
အခုချိန်မှာတော့ ဘရာဇီးသားဟာ အနီကတ်ကြောင့် လက်စ်ပါးမက်စ် ၊ ဗယ်လာဒိုးလစ်နဲ့ပွဲတွေကို လွဲချော်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စပိန်စူပါဖလားပွဲစဉ်မှာတော့ ပါဝင်လာနိုင်မှာဖြစ်ပါတယ်။ ဗလန်စီယာနဲ့ပွဲအပြီးမှာ ဗင်နီဆီးယက်စ်က ရီးရဲလ်ပရိသတ်တွေကို တောင်းပန်ခဲ့ပြီး အန်ဆယ်လော့တီကတော့ ဗင်နီအနေနဲ့ အဝါကတ်လောက်သာဖြစ်ခဲ့သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဘရာဇီးသားဟာ ဒီရာသီရီးရဲလ်အသင်းရဲ့အရေးပါတဲ့ကစားသမားအဖြစ်ရှိနေဆဲဖြစ်ပြီး ပြိုင်ပွဲစုံ ၂၁ ပွဲမှာ ၁၃ ဂိုးသွင်း ၊ ၉ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ရီးရဲလ်ဟာ လက်ရှိမှာစပိန်စူပါဖလားပွဲကန်ဖို့ ဆော်ဒီမြေမှာရောက်နေပြီး နောက်ထပ်ဆုဖလားတစ်လုံးရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ လာမယ့်ကြာသပတေးနေ့မှာ ရီးရဲလ်အသင်းဟာ မာယော့ကာနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး တကယ်လို့အနိုင်ရခဲ့ရင် တစ်ဖက်က ဘာစီလိုနာ ဒါမှမဟုတ် ဘီလ်ဘာအိုအသင်းတို့ထဲကတစ်သင်းသင်းနဲ့ ဖိုင်နယ်မှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။