ဘာစီလိုနာကွင်းလယ်လူ ဂါဗီတစ်ယောက် ဗလန်စီယာကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ လူစားဝင်ဖို့ ငြင်းဆန်ခဲ့ကြောင်း နည်းပြ ဖလစ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ ဗလန်စီယာကို ၇-၁ နဲ့အနိုင်ရခဲ့ပြီး ဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပါတယ်။ ဘာစီလိုနာအတွက်ဂိုးတွေကို လိုပက်ဇ် ၊ ဒီဂျောင် ၊ ရာဖင်ဟာ ၊ ဖာရန်တောရက်စ် နဲ့ လီဝန်ဒေါစကီးတို့က သွင်းယူပေးခဲ့ပါတယ်။
အခုနိုင်ပွဲကြောင့် ဘာစီလိုနာအနေနဲ့ တီကိုအသင်းနဲ့ ရမှတ်ကွာခြားမှုကို လျော့ချနိုင်ခဲ့ပါတယ်။ ဂါဗီဟာ အရွတ်ကြောဒဏ်ရာကနေပြန်လာပြီးကတည်းက ၄ ပွဲသာ ပွဲဦးထွက်ပါဝင်ခွင့်ရရှိထားကာ အခုလည်း အရန်ခုံမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဂျာမန်သားက ဗလန်စီယာနဲ့ပွဲမှာ လက်ကျန် ၁၅ မိနစ်ကို ဂါဗီကို ထည့်ဖို့လုပ်ဆောင်ခဲ့ပေမယ့် ကစားသမားက ငြင်းဆန်ခဲ့ပြီး ပါဘလိုတောရက်စ်ကို ထည့်သွင်းဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
အဲ့နောက် အသက် ၂၀ အရွယ်ကစားသမားရဲ့အပြုအမူကို ချီးကျူးခဲ့ပြီး ဂျာမန်သားက ပွဲအပြီးမှာ “ကျွန်တော် ဂါဗီနဲ့စကားပြောဖြစ်ပါတယ်။ သာမန်အားဖြင့် ကျွန်တော် သူ့ကိုပွဲကစားခွင့်ပေးဖို့ လုပ်ဆောင်ခဲ့ပေမယ့် သူက ပါဘလိုပဲထည့်ဖို့ပြောဆိုခဲ့ပြီး ငြင်းဆန်ခဲ့ပါတယ်။ အဲ့တာက အသင်းကြားမှာ သူတို့ဘယ်လောက်အထိ အချိတ်အဆက်မိနေလဲဆိုတာကို မြင်နိုင်ပါတယ်။ နည်းပြတစ်ဦးအနေနဲ့ အခုလိုမျိုးမြင်ရတာက တကယ်ကောင်းပါတယ်။
ကျွန်တော် ဂါဗီရဲ့အခုလိုမျိုးအပြုအမူ ချစ်မြတ်နိုးပါတယ်။ သူက ပွဲတိုင်းပါဝင်ကစားချင်တယ်ဆိုတာ ခင်ဗျားသိမှာပါ။ အခုလိုအခြေအနေမှာ ဒီလိုပြောတယ်ဆိုတာ တကယ်ကောင်းတဲ့အပြုအမူပါ”လို့ ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ လာမယ့်ကြားရက်မှာ ချန်ပီယံလိဂ်နောက်ဆုံးပွဲအဖြစ် အတ္တလန္တာနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။