ဒဏ်ရာပြဿနာကြောင့် အနားယူနေ ရသည့် ချယ်လ်ဆီးနောက်ခံလူ ရီးစ်ဂျိမ်းစ် သည် ဖေဖော်ဝါရီ ၁၉ ရက်တွင်ကစားမည့် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့်ပွဲတွင် ပါဝင် ကစားနိုင်ဖွယ်ရှိကြောင်း သိရသည်။
အင်္ဂလန် လက်ရွေးစင်နောက်ခံလူ ရီးစ်ဂျိမ်းစ်သည် ဒီဇင်ဘာ ၃၀ ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ချယ်လ်ဆီး (၁-၁) ဘရိုက်တန် ပွဲတွင် တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး ယင်းကတည်းက အနားယူနေခဲ့ရသည်။
၎င်းသည် အဆိုပါတံကောက်ကြောဒဏ်ရာကြောင့် ချယ်လ်ဆီးအသင်း၏ပွဲစဉ် ကိုးပွဲကို လွဲချော်ခဲ့ပြီး ယခုအခါ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးဖြစ်ကြောင်း သိရသည်။
ရီးစ်ဂျိမ်းစ်အနေဖြင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ကစားရန် ရည်မှန်းခဲ့သော်လည်း ကြံ့ခိုင်မှုမ ပြည့်ဝသေးသဖြင့် ဖေဖော်ဝါရီ ၁၉ ရက်တွင် ကစားမည့် ခရစ္စတယ်ပဲလေ့စ်နှင့် အဝေးကွင်း၌သာ ပါဝင်ကစားဖွယ်ရှိနေခြင်းဖြစ်သည်။