မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္ထဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် က မန်စီးတီး ကွင်းလယ်လူ ဖီးလ် ဖိုဒန် နဲ့ မန်ယူနိုက်တက် တိုက်စစ်မှူးလေး မေဆင် ဂရင်းဝုဒ် တို့ဟာ အနာဂါတ် မှာ ထိပ်တန်း ကစား သမားတွေ ဖြစ်လာ လိမ့်မယ်လို့ ပြောဆိုပြီး ချီးကျုး သွားခဲ့ ပါတယ် ။ သူတို့ ၂ ယောက်ဟာ ဒီရာသီမှာ ပိုမို တိုးတက် လာပြီး ဥရောပ ရဲ့ အမြင့်ဆုံး ဗိုလ်လုပွဲတွေ အထိ တက်လှမ်း နိုင်ခဲ့ကြပါတယ် ။
ဖိုဒန် ဟာ မန်ချက်စတာ စီးတီး အသင်းမှာ ယမန်နှစ် ကထက် ပိုမို နေရာ ရခဲ့သလို အရေးပါတဲ့ သွင်းဂိုးတွေ ၊ ဖန်တီးမှုတွေလည်း ပြုလုပ် ပေးနိုင်ခဲ့ ပါတယ် ။ ဖိုဒန် ဟာ ဒီနှစ် ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး လူငယ် ကစား သမား ဆုကို ရဖို့ ရေပန်းစားနေသလို ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကိုလည်း တက်ရောက် နိုင်ခဲ့ပါတယ် ။
မေဆင် ဂရင်းဝုဒ် ကလည်း ၂၀၂၁ ထဲမှာ ခြေစွမ်းပြ ဂိုးတွေသွင်းကာ ယုံကြည်မှုတွေ တည်ဆောက် နိုင်ခဲ့ ပါတယ် ။ ဖိုဒန် ထက် ၁ နှစ်ငယ်ပြီး ၁၉ နှစ်သာ ရှိသေးတဲ့ ဂရင်းဝုဒ် ဟာ နောက်ဆုံး ကစား ခဲ့တဲ့ ၁၃ ပွဲမှာ ၈ ဂိုးထိ သွင်းယူပေးထား ခဲ့ ပါတယ် ။ ဂရင်းဝုဒ် ဟာလည်း ယူနိုက်တက် နဲ့ အတူ ယူရိုပါလိဂ် ဖိုင်နယ် ကို တက်ရောက် နိုင်ခဲ့တာပါ ။
သူတို့ ၂ ဦး ဟာ ဒီရာသီ မစတင်ခင် တုန်းက အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ယူရို ခြေစစ်ပွဲ အတွင်းမှာ ကိုဗစ် စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ညဘက် ပါတီပေးခဲ့မှုကြောင့် အပြင်း အထန် ဝေဖန် ခံခဲ့ ကြရပြီး လက်ရွေးစင် အသင်းကနေလည်း ချန်လှပ် ခံခဲ့ရ ပါတယ် ။ နောက်ပိုင်းမှာ ဆောက်ဂိတ် က ဖိုဒန် ကို တစ်ခါ ပြန်ခေါ် ခဲ့ပေမယ့် ဂရင်းဝုဒ် ကိုတော့ ခုချိန်ထိ အခွင့်အရေး မပေးခဲ့သေးပါဘူး ။
ဒီဖြစ်ရပ်ဟာ အသက် ၂၀ နဲ့ ၁၉ နှစ် အရွယ် လူငယ်လေး ၂ ဦး ကို စိတ်ပိုင်းဆိုင်ရာ ကြီးမားတဲ့ ထိုးနှက်ချက်တွေ ဖြစ်စေခဲ့ ပါတယ် ။ ဖိုဒန် က မြန်မြန် ဆန်ဆန် ဖြေရှင်း နိုင်ခဲ့ပေမယ့် ဂရင်းဝုဒ် ကတော့ ၂၀၂၀ ကုန်သည် အထိ သက်ရောက်မှု ရှိခဲ့ပြီး အရင် ခြေစွမ်းတွေကို ပြန်မရနိုင် ဖြစ်နေခဲ့ ပါတယ် ။
ဒါေပေမယ့် အခုအချိန်မှာတော့ လူငယ်လေး ၂ ယောက်စလုံးဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက် နေကြပြီး အောင်ပွဲတွေကို ရယူဖို့ အရှိန်အဟုန်နဲ့ ချီတက်နေကြပြီ ဖြစ်ပါတယ် ။ ဖိုဒန် ရော ဂရင်းဝုဒ် ပါ ဆောက်ဂိတ် ရဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန် အသင်းမှာ ရွေးချယ် ခံရမယ်လို့လည်း သုံးသပ် ခံထား ကြရပါတယ် ။
ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီ နဗီးလ် နဲ့ SPORTbible က အင်တာဗျူး အစီအစဉ် မှာတော့ ဖာဂူဆန် ဟာ လူငယ်လေး ၂ ဦးကို ချီးကျုး သွားခဲ့ပြီး အနာဂါတ် မှာ ထိပ်တန်း ကစား သမားတွေ ဖြစ်လာမယ် လို့ ခန့်မှန်း ပြောဆို သွားခဲ့ ပါတယ် ။
“လက်ရှိထဲက အကောင်းဆုံး လူငယ်တွေလား . . . ကျွန်တော့ အမြင်မှာတော့ မေဆင် ဂရင်းဝုဒ် ရှိပါတယ် ၊ သူဟာ ထိပ်တန်း ကစား သမား ဖြစ်လာမယ့်သူပါ ။ သူ့မှာ တိုက်စစ်မှူး တစ်ယောက်ရဲ့ သွေးအေးမှုတွေ ရှိပါတယ် ။ သူ့ရဲ့ ကန်ချက်တွေက ဘယ်တုန်းကမှ အလဟသ ဖြစ်မသွားပါဘူး”
“ဖိုဒန် ကလည်း မန်စီးတီး အကယ်ဒမီထွက်တွေ ထဲမှာ တောက်ပလာတဲ့ တစ်ယောက် ဖြစ်လာခဲ့ ပါပြီ ။ အခု သူက ဒေးဗစ် ဆေးဗား ရဲ့ နေရာကို ဝင်ယူနေပြီး သူတို့ ၂ ယောက် ( ဖိုဒန် နဲ့ ဂရင်းဝုဒ် ) တို့ ဟာ အင်္ဂလန် ရဲ့ အနာဂါတ် မှာ အကောင်းဆုံး ကစား သမားတွေ ဖြစ်လာကြမှာပါ” လို့ ဖာဂူဆန် က ပြောဆို သွားခဲ့ ပါတယ် ။
မန်စီးတီး နဲ့ မန်ယူနိုက်တက် တို့ ဟာ ဒီကနေ့ညမှာ ပရီးမီးယားလိဂ် ရာသီပိတ် ပွဲစဉ်တွေကို အသီးသီး ကစား ကြမှာ ဖြစ်ပြီး အမှတ်မလိုတော့တာကြောင့် ဥရောပ ဖိုင်နယ် ပွဲတွေ အတွက် လူအပြောင်းအလဲတွေ ပြုလုပ် သွားဖို့ ရှိနေပါတယ် ။
မန်စီးတီး ဟာ မေလ ၂၉ ရက်နေ့ မှာ ချဲလ်ဆီး အသင်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် ကတော့ မေလ ၂၆ ရက်နေ့မှာ ဗီလာရီးရဲ အသင်းနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲကို ယှဉ်ပြိုင် ကစား သွားရမှာပဲ ဖြစ်ပါတယ် ။