အာဆင်နယ်အသင်း၏ ဂျာမန်ကွင်း လယ်ကစားသမား အိုဇေးလ်သည် တူရကီက လပ် ဖီနာဘာချီအသင်းသို့ ပြောင်းရွှေ့ရန် အကြိုသဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်း ဂျာမန်မီဒီယာများက ဖော်ပြခဲ့သည်။
အိုဇေးလ်သည် အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲဝင် လူစာရင်းများမှ ချန်လှပ်ခံထားရသူဖြစ်ပြီး စာချုပ်သက်တမ်းကုန်ဆုံးသည်အထိ အာဆင်နယ်အသင်းတွင် ဆက်ရှိမည်ဟု ပြောကြားထားသော် လည်း ဖီနာဘာချီအသင်းနှင့် သဘောတူညီမှုရယူခဲ့ကြောင်း သိရသည်။
အိုဇေးလ်သည် ယခုလအစောပိုင်းတွင် ဖီနာဘာချီအသင်းမှ တာဝန်ရှိသူများနှင့် လန်ဒန်မြို့၌ လျှို့ဝှက်တွေ့ဆုံဆွေးနွေးခဲ့ပြီး အပြောင်းအရွှေ့အတွက် အကြိုသဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့သည်။
အာဆင်နယ်အသင်း၌ တစ်ပတ် ပေါင် (၃၅ဝဝဝဝ) ရရှိနေသော အိုဇေးလ်သည် ဖီနာဘာချီအသင်းတွင် တစ်ပတ်ပေါင် (၂ဝဝဝဝဝ)သာ ရယူရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အသက် (၃၂)နှစ်အရွယ်ရှိ ဂျာမန်ကွင်းလယ်လူ အိုဇေးလ်သည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် ဖီနာဘာချီအသင်းနှင့် အကြိုစာချုပ်ချုပ်ဆို၍ နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် အာဆင်နယ်အသင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။