မန်ယူအသင်း၏ နည်းပြဖြစ်သူ ဆိုးလ်ရှားသည် အနာဂတ်နှင့်ပတ်သက်ပြီး မရေရာမှုများရှိနေသော်လည်း အသင်းမှထွက်ခွာတော့မည့် ဒုဥက္ကဋ္ဌဖြစ်သူ အက်ဒ်ဝုဒ်ဝက်ဒ်ကမူ မန်ယူအသင်းဘုတ်အဖွဲ့သည် ဆိုးလ်ရှားနှင့် ဆက်လက်လက်တွဲသွားရန် ဆုံးဖြတ်ထားသည်ဟု ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် လက်စတာ၊ လီဗာပူးလ်၊ မန်စီးတီးစသည့်အသင်းများကို ဂိုးပြတ်ရှုံးခဲ့သည့်အတွက် ဖိအားများနှင့် ရင်ဆိုင်နေရသည့် ဆိုးလ်ရှားသည် PSG အသင်းနည်းပြ ပိုချက်တီနို၊ ရီးယဲလ်မက်ဒရစ်အသင်းနည်းပြဟောင်း ဇီဒန်းတို့နှင့် အစားထိုးခံရလိမ့်မည်ဟု သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။
သို့ရာတွင် အက်ဒ်ဝုဒ်ဝက်ဒ်ကမူ ဆိုးလ်ရှားအပေါ် ယုံကြည်မှုရှိနေဆဲဖြစ်သည့်သဘောထားကို ပြသခဲ့ပြီး အသင်းဘုတ်အဖွဲ့သည် ဆိုးလ်ရှားနှင့်အတူ အောင်မြင်မှုများ ရယူသွားရန် ဆန္ဒရှိနေဆဲဖြစ်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
အက်ဒ်ဝုဒ်ဝက်ဒ်က “ရောဂါကပ်ဆိုးကြီးရဲ့တိုက်ခိုက်မှုကို ခံနေရချိန်အတွင်းမှာ ကျွန်တော်တို့အသင်းက ကျွန်တော်တို့ရဲ့ခံနိုင်ရည်ကို သက်သေပြနိုင်ခဲ့တယ်။ ဘဏ္ဍာရေးပြဿနာတွေကို ရင်ဆိုင်နိုင်ကြောင်း ပြသခဲ့တယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်ဟာ ကွင်းတွင်းရလဒ်တွေ ကောင်းမွန်လာဖို့သာဖြစ်ပါတယ်။ ဒီအတွက်လည်း အသင်းမှာရှိသမျှ လူတွေအားလုံးကြိုးစားနေကြပါတယ်။ ဒီအထဲမှာ အသင်းနည်းပြရော၊ ကစားသမားတွေရော၊ အသင်းနဲ့ပတ်သက်သမျှ လူအားလုံးရော ပါဝင်နေပါတယ်။ ကျွန်တော်တို့အားလုံး ရာသီကုန်မှာ ရလဒ်ကောင်းတွေပို်င်ဆိုင်နိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ”ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် ပြီးခဲ့သည့် (၃)လပတ်အတွင်း ဝင်ငွေတိုးတက်လာမှုမှာ (၁၆)ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး ယင်းကဲ့သို့ တိုးတက်လာခဲ့ခြင်းမှာ ကိုဗစ်ကာလအတွင်း ပိတ်ပင်ထားသည့် ကွင်းအတွင်း ပရိသတ်များအား ပြန်လည်ကြည့်ရှု ခွင့်ပြုပေးခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ ယင်းအတွက်ကြောင့် အသင်းပရိသတ်များကို ကျေးဇူးတင်ကြောင်း ဝုဒ်ဝက်ဒ်က ပြောကြားခဲ့သည်။
မန်ယူအသင်း၏ လပတ်ဘဏ္ဍာရေးအစီရင်ခံစာအရ မန်ယူအသင်း၏ ကစားသမားလစာပေးချေမှုမှာလည်း မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ ဖြစ်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ စီရော်နယ်လ်ဒို အပါအဝင် ထိပ်တန်းကစားသမား (၃) ဦး အသင်းကို ရောက်ရှိလာခဲ့ခြင်းကြောင့်ဖြစ်ပြီး ၎င်းတို့၏ ကြီးမြင့်သည့် လစာငွေများက အသင်း၏ လစာပေးချေမှုနှုန်းကို (၂၃.၁) ရာခိုင်နှုန်းအထိ မြင့်တက်လာစေခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် စီရော်နယ်လ်ဒိုကို ခေါ်ယူခဲ့ခြင်း၏ အကျိုးသက်ရောက်မှုအဖြစ် ကလပ်အသင်း၏ အမှတ်တရပစ္စည်းရောင်းချမှု နှုန်းက ပိုမိုမြင့်တက်လာခဲ့ပြီး ယခင်နှစ် ယခုကာလအတွင်းရောင်းချရမှုထက် ပေါင် (၂၈)သန်းကျော်ပိုမိုများပြားလာခဲ့သလို၊ စပွန်ဆာစာချုပ်သစ်များနှင့်လည်း ဆွေးနွေးမှုများပြုလုပ်လျက်ရှိသည်။