မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက လီဗာပူး အသင်းနဲ့ FA ဖလား Round 4 ပွဲစဉ်မှာ တွေ့ဆုံခဲ့ပြီး 3 – 2 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ နိုင်ခဲ့ ပါတယ် ။ အဆိုပါ ပွဲစဉ်မှာ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က ဖရီးကစ် ကန်ချက်မှ တစ်ဆင့် အသင်း အတွက် အနိုင်ဂိုး သွင်းယူ ပေးခဲ့ ပါတယ် ။
အဲ့တာက ဘရူနို ဖာနန်ဒက်စ် အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်လာ ခဲ့တဲ့နောက်မှာ သွင်းယူခဲ့တဲ့ 28 လုံးမြောက် သွင်းဂိုး ဖြစ်သွား ခဲ့ရ ပါတယ် ။ သူဟာ ယူနိုက်တက် အတွက် တစ်နှစ်အတွင်း ကိုယ်တိုင် 28 ဂိုး သွင်းယူ 17 ကြိမ် ဂိုး ဖန်တီးကာ သွင်းဂိုး 45 ဂိုးနဲ့ တိုက်ရိုက် ပတ်သက် နိုင်ခဲ့ ပါပြီ ။
အခုတော့ ဘရူနို ဖာနန်ဒက်စ် က သူဟာ ဖရီးကစ် ကန်ချက်တွေကို အသင်းရဲ့ ဖရီးကစ် စပါယ်ရှယ်လစ် ဖြစ်သူ ဟွမ် မာတာ ဆီက လေ့လာ သင်ယူ နေခဲ့ကြောင်း ၊ လေ့ကျင့်ရေး ကွင်းထဲမှာ အမြဲလို အတူတူ ပူးတွဲ လေ့ကျင့် နေခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။
” ကျွန်တော်ဟာ ဖရီးကစ် ကန်သွင်းမှု တွေကို နေ့စဉ်လိုလို လေ့ကျင့် ဖြစ်ခဲ့ ပါတယ် ။ တစ်ခါတလေ ကျရင် သူ (ဆိုးလ်ရှား) က ကျွန်တော် လေ့ကျင့်တာ တွေကို ရပ်လိုက်ဖို့ ၊ ကွင်းထဲကနေ ထုတ်ပြီး အနားယူစေဖို့တောင် လုပ်တဲ့ အဖြစ်မျိုး ကြုံတွေ့တာမျိုး ရှိခဲ့ရ ပါတယ် ”
” ကျွန်တော် ကတော့ အဲ့ဒီလို အနေအထား တွေမှာ ဆက်လက် လေ့ကျင့် ခဲ့တာချည်း ပါပဲ ။ ကျွန်တော်က ဟွမ် (မာတာ) ကို လေ့လာ ကြည့်ရှု ၊ သင်ယူမှုတွေ လုပ်ဆောင်ရတာ နှစ်သက်လှ ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက တစ်ကယ့် ဖရီးကစ် စပါယ်ရှယ်လစ် တစ်ဦးပဲလို့ ကျွန်တော် ထင်လို့ ပါပဲ ”
” လေ့ကျင့်ရေး ကွင်းထဲ ဆိုရင် ကျွန်တော်တို့ အတူတူ ရှိကြတဲ့အချိန် ပိုများမယ်လို့ ထင်ပါတယ် ။ ကျွန်တော် နဲ့ ဟွမ်က လေ့ကျင့်ရေး ကွင်းထဲ အချိန် အကြာကြီး အတူတူ ရှိတတ်ကြ ပါတယ် ။ အဲ့တာ အပြင် အဲလက်စ် ( တဲလက်စ် ) ၊ ရပ်ရှီ ( ရပ်ရှ်ဖို့ ) ဖရက်ဒ် တိုလည်း ကျွန်တော် တို့နဲ့ အတူ ရှိနေတတ်ကြ ပါတယ် ” လို့ ဘရူနို က မန်ချက်စတာ tv မှာ ပြောခဲ့ ပါတယ် ။
ယူနိုက်တက်တို့ လီဗာပူး နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ 18 ကိုက် အကွာမှ ဖရီးကစ် ကန်ခွင့် ရခဲ့တာ ဖြစ်ပြီး ဘရူနို က ကန်သွင်းခဲ့ပါတယ် ။ အခုတော့ အကွာအဝေး အနည်းငယ် လှမ်း နေမယ် ဆိုရင် အသင်းဖော် ရပ်ရှ်ဖို့ က ကန်သွင်းလိုစိတ် ရှိကြောင်း ဖွင့်ဟလိုက် ပါတယ် ။
” အကွာအဝေး အနည်းငယ် လှမ်းနေမယ် ဆိုရင် ရပ်ရှီ ကန်ရမယ်လို့ ကျွန်တော် ထင်ပါတယ် ။ သူက အဲ့ဒီလို ဝေးကွာတဲ့ နေရာ ကနေ ဖရီးကစ် ကန်ရတာ ပိုပြီး သက်သောင့်သက်သာ ရှိတယ်လို့ ခံစားရသူ တစ်ဦးပါ ။ ကျွန်တော်လည်း အတူတူ ပါပဲ ၊ ကျွန်တော်က နီးလေ ကန်ရတာ သဘောကျလေ ပါပဲ ”
” ဂိုး ဧရိယာ နဲ့ နီးကပ် လေလေ ၊ ကန်ရတာ ပိုကောင်းလေလေ လို့ ကျွန်တော် ထင်ပါတယ် ။ ဟုတ်ပါတယ် ၊ အကယ်လို့ ဟွမ် နဲ့ တဲလက်စ် တို့ ကွင်းထဲ ရှိကြမယ် ဆိုရင် သူတို့လည်း ကန်သွင်းခွင့် ရရှိ ကြပါ လိမ့်မယ် ။ အထူးသဖြင့် ညာဖက်ခြမ်းမှ ကန်ခွင့် ရရင်ပေါ့ဗျာ ။ ကျွန်တော်တို့ အသင်းမှာ ကောင်းမွန်တဲ့ ဖရီးကစ် စပါယ်ရှယ်လစ်တွေ ရှိနေတယ်လို့ ထင်ပါတယ် ”
” ဘယ်သူ ကန်သွင်းရမလဲ ဆိုတာ ကတော့ ကွင်းထဲက အခိုက်အတန့် အပေါ်မှာ မူတည် နေပါတယ် ။ ဒီပွဲမှာတော့ ကျွန်တော် ဖရီးကစ် ကန်သွင်းဖို့ ယုံကြည်ချက် ရှိနေခဲ့ ပါတယ် ။ ဟုတ်ပါတယ် ၊ ကျွန်တော် ကန်ခဲ့ပြီး ကံကောင်းစွာပဲ ဂိုးဝင် သွားခဲ့ ပါတယ် ” လို့ ဘရူနို ဖာနန်ဒက်စ် က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။