ဘာစီလိုနာအသင်းသည် မန်စီးတီးအသင်းထံမှ ကနဦးပြောင်းရွှေ့ကြေး ယူရို(၅၅)သန်းဖြင့် ခေါ်ယူထားသည့် စပိန်တိုက်စစ်ကစားသမား ဖယ်ရန်တောရက်စ်ကို တနင်္လာနေ့က မိတ်ဆက်ပွဲပြုလုပ်ခဲ့သော်လည်း ကစားသမားအဖြစ် မှတ်ပုံတင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
နူးကမ့်ကွင်းတွင် ပြုလုပ်ခဲ့သည့် အဆိုပါမိတ်ဆက်ပွဲအခမ်းအနားသို့ ဘာစီလိုနာပရိသတ်(၁၅၀၀၀)ကျော် လာရောက်အားပေးခဲ့ကြပြီး အသင်းဥက္ကဋ္ဌ လာပေါ်တာက မိမိတို့အနေဖြင့် အကြီးစားအပြောင်းအရွှေ့လှုပ်ရှားမှုများဖြင့် စျေးကွက်အတွင်း ဝင်ရောက်လာမည်ဟုလည်း ကြုံးဝါးပြောကြားခဲ့သည်။
သို့သော် ဘာစီလိုနာအသင်းသည် လာလီဂါအဖွဲ့ချုပ်မှ သတ်မှတ်ထားသော လစာငွေကန့်သတ်ချက်စည်းမျဉ်းအရ ဖယ်ရန်တောရက်စ်ကို ကစားသမားအဖြစ် မှတ်ပုံတင်နိုင်ခြင်းမရှိသေးဘဲ အသင်းမှ ကစားသမားအချို့ကို ရောင်းထုတ်ခြင်း သို့မဟုတ် လစာငွေလျှော့ချခြင်းများ ပြုလုပ်သွားရဦးမည်ဖြစ်ကြောင်း သိရသည်။

ဖယ်ရန်တောရက်စ်ကလည်း မိမိကို မှတ်ပုံတင်နိုင်ရန်အတွက် ဘာစီလိုနာအသင်းအနေဖြင့် လိုအပ်သည့်အရာမှန်သမျှကို လုပ်ဆောင်နေကြောင်း အတည်ပြုပြောကြားခဲ့သည်။
ထို့ပြင် ”စပိန်က ထိပ်သီးအသင်းတစ်သင်းဆီ ပြန်လာချင်တယ်လို့ ကျွန်တော် အမြဲပြောခဲ့ပါတယ်။ ဒါကြောင့် ဘာစီလိုနာက ကမ်းလှမ်းခဲ့ချိန်မှာ နှစ်ခါ မစဉ်းစားခဲ့ပါဘူး။ ဒါဟာ ကျွန်တော့်အတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ခုပါ”ဟု ပြောကြားခဲ့သည်။