မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရန် အသင်းနောက်ခံလူ ဂျွန်စတုန်းစ်ကို တိုက်တွန်းခဲ့သည်။
ဂွါဒီယိုလာသည် ယခုရာသီတွင် မန်စီးတီးအသင်း၏ ခံစစ်ပိုင်း၌ ရူဘင်ဒီယက်စ်နှင့် လာပေါ့တ်တို့အတွဲကို အဓိကအသုံးပြုလျက်ရှိနေပြီး ဂျွန်စတုန်းစ်မှာ အရန်အဖြစ်သာ ကစားနေရသည်။
ထို့ကြောင့် ဂျွန်စတုန်းစ်အနေဖြင့် ပုံမှန်ပွဲထွက်ခွင့်ရယူလိုပါက တိုက်ပွဲဝင်ရန်လိုအပ်ကြောင်း ဂွါဒီယိုလာက ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက “လာပေါ့တ်ဟာ ရူဘင်ဒီယက်စ်နဲ့တွဲဖက်ပြီး အကောင်းဆုံးခြေစွမ်းပြနေပါတယ်။ ဒါကြောင့် ဒီအချိန်မှာ သူ့ကို ပွဲထွက်ခွင့်ပေးတာက တရားမျှတမှုရှိပါတယ်။ ဂျွန်စတုန်းစ်အနေနဲ့လည်း လက်ရှိအခြေအနေကို နားလည်မှာပါ။ သူက တိုက်ပွဲဝင်စိတ် ပြင်းထန်သူဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကစားသမားအားလုံးကို အခွင့်အရေးတွေ အမြဲတမ်းပေးလေ့ရှိပါတယ်။ တချို့ကစားသမားတွေက ပွဲပိုကစားရတာတွေ ရှိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ခြေစွမ်းပြနိုင်လို့ပါ။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ဘယ်ကစားသမားကိုမှ အာမခံချက် မပေးထားပါဘူး။ မန်စီးတီးဟာ ထိပ်တန်းအသင်းဖြစ်ပြီး ဒီအသင်းမှာ ပွဲထွက်ခွင့်ရချင်တယ်ဆိုရင် လေ့ကျင့်ရေးကွင်းမှာ အစွမ်းကုန်ကြိုးစားဖို့ လိုပါတယ်”ဟု ဆိုခဲ့သည်
ဂျွန်စတုန်းစ်သည် ယခုရာသီတွင် မန်စီးတီးအသင်းအတွက် တစ်ပွဲမှ မကစားရသေးသော်လည်း အင်္ဂလန်အသင်းတွင် ရွေးချယ်ခံခဲ့ရသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသူဖြစ်သည်။