ခရိုအေးရှားအသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား မိုဒရစ်က မိမိတို့အသင်းသည် ယူရို-၂၀၂၀ ပြိုင်ပွဲ၌ အသင်းတိုင်းကို အန္တရာယ်ပေးနိုင်စွမ်းရှိသည်ဟု စကော့တလန်နှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒုတိယရရှိခဲ့သည့် ခရိုအေးရှားအသင်းသည် အင်္ဂလန်၊ ချက်၊ စကော့တလန်တို့နှင့် ယူရို-၂၀၂၀ အုပ်စု(D)တွင် ကျရောက်ခဲ့ပြီး (၁)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံး၊ ရမှတ် (၄)မှတ်ဖြင့် အုပ်စုဒုတိယရရှိကာ ရှုံးထွက်(၁၆)သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် မိုဒရစ်က မိမိတို့အနေဖြင့် ယုံကြည်မှုပိုရှိလာပြီး မည်သည့်အသင်းကိုမဆို ဒုက္ခပေးနိုင်စွမ်းရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မိုဒရစ်က “ပထမနှစ်ပွဲမှာ ကျွန်တော်တို့ကစားပုံ မကောင်းခဲ့ပါဘူး။ ဒါပေမဲ့ နောက်ဆုံးပွဲမှာ ဘယ်အသင်းကိုမဆို အန္တရာယ်ပေးနိုင်တဲ့ ကစားပုံကို ကျွန်တော်တို့ ပြသနိုင်ခဲ့ပါတယ်။ ဂိုးသွင်းနိုင်ခဲ့တဲ့အတွက်လည်း ယုံကြည်မှုတွေ ပိုရှိလာပါတယ်”ဟု ပြောကြားခဲ့သည်။
ခရိုအေးရှားအသင်းသည် ရှုံးထွက်(၁၆)သင်းအဆင့်တွင် စပိန်အသင်းနှင့်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မိုဒရစ်အနေဖြင့် လာလီဂါပြိုင်ဘက်များနှင့် ပြန်လည်ရင်ဆိုင်ရမည့်အခြေအနေဖြစ်သည်။