မန်ချက်စတာယူနိုက်တက်နောက်ခံလူ လုခ်ရှောဟာ ခြေသလုံးဒဏ်ရာပြဿနာမှ ပြန်လည်ကောင်းမွန်လာပြီး ကစားခွင့်ရဖို့ နီးစပ်လာပေမယ့် ယခုအခါမှာတော့ ဒဏ်ရာအခြေအနေ တိုးတက်လာခြင်းမရှိဘဲ ပိုမိုဆိုးဝါးလာတယ်လို့သိရပါတယ်။
စွယ်စုံရဘယ်နောက်ခံလူဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၃ ပွဲပါဝင်ကစားခွင့်ရခဲ့ပမယ့် ယူနိုက်တက်အတွက် မကစားပေးနိုင်သည်မှာ ၂၅၄ ရက်အထိကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက တံကောက်ကြောဒဏ်ရာကြောင့် ယူနိုက်တက်ရဲ့ ရာသီလက်ကျန် ၃ လတာပွဲစဉ်တွေကို လွဲချော်ခဲ့တဲ့ လုခ်ရှောဟာ ရာသီကြိုမှာလည်း ခြေသလုံးဒဏ်ရာရရှိခဲ့တာကြောင့် အခုချိန်ထိ အနားယူနေရဆဲဖြစ်ပါတယ်။
အသက်-၂၉ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဝက်စ်ဟမ်းနဲ့ပွဲစဉ်ကို ပါဝင်ကစားနိုင်ဖို့ အလားအလာရှိခဲ့ပေမယ့် လွဲချော်ခဲ့ပြီးနောက် ကြာသပတေးနေ့ ကာရာဘောင်ဖလားပြိုင်ပွဲအဖြစ် လက်စတာနဲ့ပွဲစဉ်မှာတော့ ပါဝင်နိုင်ဖို့ အခွင့်အရေးရှိခဲ့တာဖြစ်ပါတယ်။
ဝက်စ်ဟမ်းနဲ့ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတုန်းက အဲရစ်တန်ဟက်က “သူ့ရဲ့ဒဏ်ရာကုသမှုအခြေအနေက ကျွန်တော်တို့မျှော်လင့်ထားသလို မဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့ သေချာတော့ ဂရုစိုက်နေပါတယ်။ အခုပွဲမှာလည်း သူ့ကိုလူစာရင်းကနေ ထုတ်ပယ်ထားရပါတယ်”
“အတိတ်မှာ သူဘယ်လိုဒဏ်ရာတွေရထားခဲ့သလဲ ကျွန်တော်တို့သိထားပါတယ်။ ဒါကြောင့် မှန်ကန်တာကို လုပ်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ သူက ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်အတွက် အလွန်အရေးပါတဲ့ကစားသမားဖြစ်နေလို့ပါ။ ကျွန်တော်တို့ သေချာလေးဂရုစိုက်သွားမှဖြစ်ပါမယ်” လို့ပြောကြားခဲ့ပါတယ်။
ယခုအခါမှာတော့ အဲရစ်တန်ဟက်ဟာ ယူနိုက်တက်ရဲ့နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရပြီဖြစ်တာကြောင့် ကစားသမားတွေရဲ့ဒဏ်ရာပြဿနာတွေကို စိုးရိမ်စရာမလိုတော့ပါဘူး။ လာမယ့်လက်စတာနဲ့ပွဲစဉ်မှာတော့ လက်ထောက်နည်းပြ နစ္စတယ်ရွိုင်းက ပထမဆုံးအကြိမ်အဖြစ် အိုးလ်ထရက်ဖို့ဒ်အသင်းကို တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပါတယ်။