အီတလီနိုင်ငံ၏ ဝင်ငွေအေဂျင်စီသည် အားကစားအသင်းများထံ ပေးအပ်ထားသော ” ပြည်ပကစားသမားများအတွက် အခွန်လျှော့ဆောင်ရသည့်စနစ်”အား ပယ်ဖျက်တော့မည်ဖြစ်၍ စီးရီးအေအသင်းကြီးများအနေဖြင့် ဘဏ္ဍာရေးအခက်အခဲများ ကြုံတွေ့ရဖွယ်ရှိနေကြောင်း အီတလီသတင်းစာ Corriere dello Sport က ဖော်ပြခဲ့သည်။
အီတလီအစိုးရသည် အီတလီကလပ်များ အပြောင်းအရွှေ့စျေးကွက်အတွင်း ဘဏ္ဍာရေးအသာစီးရရှိစေရန် ကူညီသည့်အနေဖြင့် Growth Decree တစ်ခု ချမှတ်ပေးထားခဲ့သည်။
ယင်းအစီအမံအရ အီတလီကလပ်များသည် ပြည်ပကစားသမားများ ခေါ်ယူရာတွင် အခွန်လျှော့ ကောက်ခံရပြီး အသင်းများ၏ ဘဏ္ဍာရေးဟန်ချက်အတွက် ကြီးမားသည့် အထောက်အကူ ဖြစ်ခဲ့သည်။
ယခုအခါ အီတလီဝင်ငွေအေဂျင်စီက ”ပြည်ပကစားသမားများအတွက် အခွန်(၅၀)ရာခိုင်နှုန်း လျှော့ကောက်ပေးသည့်စနစ်”အား ပယ်ဖျယ်တော့မည်ဖြစ်ရာ ကိုဗစ်ကပ်ဘေးအတွင်း ဘဏ္ဍာရေးပြဿနာများနှင့် ရင်ဆိုင်နေရ သည့် စီးရီးအေအသင်းများအတွက် ထိုးနှက်ချက် ဖြစ်ခဲ့သည်။
ယခုစည်းမျဉ်းအရ အီတလီနိုင်ငံတွင် နောက်ဆုံး(၃)နှစ်အတွင်း ဆက်တိုက်နေထိုင်ထားခြင်း မရှိသူများအတွက် အခွန်(၅၀) ရာခိုင်နှုန်း လျှော့ပေးတော့မည်မဟုတ်ပေ။
ယခုစည်းမျဉ်းကြောင့် ကြီးမားစွာ ဒုက္ခခံစားရမည့်အသင်းများမှာ ထိပ်တန်းပြည်ပကစားသမားများစွာ ပိုင်ဆိုင်ထားသည့် ဂျူဗင်တပ်စ်၊ အင်တာမီလန်တို့ကဲ့သို့ အသင်းကြီးများ ဖြစ်ကြသည်။
အင်တာမီလန်နည်းပြ ကွန်တီသည် အီတလီတွင် နောက်ဆုံး(၃)နှစ်ဆက် နေထိုင်ခဲ့ခြင်း မရှိသဖြင့် တစ်နှစ်လုပ်ခယူရို(၁၂)သန်း ရရှိနေသည့် ၎င်းအတွက် အခွန်ငွေ ယူရို(၆)သန်းခန့် အပိုကုန်ကျရတော့မည်ဖြစ်သည်။
Calciomercato ဝက်ဘ်ဆိုက်၏ တွက်ချက်မှုအရ အင်တာမီလန်က ယူရို(၂၃.၃၂)သန်း၊ ဂျူဗင်တပ်စ်က ယူရို(၂၁.၃၇)သန်း ထပ်မံကုန်ကျမည်ဖြစ်ကြောင်း သိရသည်။