ဇွန်လ (၁၅)ရက်က ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့ရှိ Allianz Arena ကွင်းတွင် ကစားခဲ့သည့် ပြင်သစ် (၁-၀)ဂျာမနီပွဲမတိုင်မီ လေထီးစီးကာ ကွင်းအတွင်း ဝင်ရောက်ဆန္ဒပြခဲ့သူတစ်ဦးကြောင့် ပွဲကြည့်ပရိသတ် (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Greenpeace အဖွဲ့ဝင်တစ်ဦးသည် ယူရို-၂၀၂၀ ပြိုင်ပွဲအား Volkswagen ကုမ္ပဏီက စပွန်ဆာပေးခြင်းကို ဆန့်ကျင်သည့်အနေဖြင့် ”Kick Out Oil” ဟု ရေးထားသည့် ဘောလုံးများကို Allianz Arena ကွင်းအတွင်း ပစ်ချရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။
သို့သော် ၎င်းသည် Allianz Arena ကွင်းအပေါ်တွင် လေထီးစီးနေစဉ် ကွင်းခေါင်မိုးပေါ်တွင် တပ်ဆင်ထားသည့် Spidercam TV ကေဘယ်လ်ကြိုးများနှင့် ငြိခဲ့သဖြင့် ကွင်းအတွင်း အရေးပေါ်ဆင်းသက်ခဲ့ရခြင်းဖြစ်သည်။
ယင်းကဲ့သို့ အရေးပေါ်သက်ဆင်းရာတွင် ပွဲကြည့်စင်ပေါ်မှ ပွဲကြည့်ပရိသတ်များကို ထိမိလုနီးပါးဖြစ်ခဲ့သလို၊ အရာဝတ္ထုများ ပြုတ်ကျခဲ့ခြင်းကြောင့် ပွဲကြည့်ပရိသတ် (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြူးနစ်မြို့အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။
ပြင်သစ်-ဂျာမနီပွဲမစတင်မီ ကွင်းအတွင်း လေထီးဖြင့် သက်ဆင်းခဲ့သူမှာ အသက် (၃၈)နှစ်အရွယ်ရှိ ဂျာမန်လူမျိုး ၀ါတန်ဘတ်ဆိုသူဖြစ်ပြီး ၎င်း၏ လေထီးတွင် ”Kick Out Oil Greenpeace ဟု ရေးသားသည်။
Greenpeace အဖွဲ့က ယူရို-၂၀၂၀ ပြိုင်ပွဲကို စပွန်ဆာပေးနေသည့် ဂျာမန်ကားထုတ်လုပ်ရေးကုမ္ပဏီ Volkswagen အနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ဓာတ်ဆီနှင့် ဒီဇယ်ကားများ ထုတ်လုပ်နေခြင်းကို အဆုံးသတ် ရန်အတွက် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းနှင့် မမျှော်လင့်ဘဲ ပရိသတ်(၂)ဦး ဒဏ်ရာရရှိခဲ့ခြင်းအတွက် အနူးအညွတ်တောင်းပန်ကြောင်း ၎င်းတို့၏ Twitter တွင် ရေးသားခဲ့သည်။
၀ါတန်ဘတ်သည် Allianz Arena ကွင်းအတွင်း အရေးပေါ်ဆင်းသက်ခဲ့ရသော်လည်း ဒဏ်ရာတစ်စုံတစ်ရာ ရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။
သို့သော် ကွင်းလုံခြုံရေးများသည် ကွင်းအတွင်းဆင်းသက်ခဲ့သည့် ၀ါတန်ဘတ်ကို ချက်ချင်းဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၎င်းအနေဖြင့် လူများကို ဒဏ်ရာရရှိစေမှုအပါအဝင် အနည်းဆုံးစွဲချက် (၃)ခုဖြင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း သိရသည်။