တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ နည်းပြကြီး မော်ရင်ဟို ဟာ မနေ့ ညက ပဲလေ့စ် နဲ့ သရေ ကျခဲ့တဲ့ ပွဲစဉ် မှာ ချေပဂိုး ပြန်ပေး ခဲ့ရမှု နဲ့ ပတ်သက်ပြီး အသင်းရဲ့ ဂိုးသမားကြီး ဟူဂို လိုရစ် ကို အပြစ် ပြောဆိုခြင်း မပြုခဲ့ ပါဘူး ။ လိုရစ် ဟာ ပဲလေ့စ် နဲ့ ၁ ဂိုးစီ သရေ ကျခဲ့ တဲ့ လန်ဒန် ဒါဘီ ပွဲမှာ အိမ်ရှင် အသင်းရဲ့ ချေပဂိုး အတွက် အဓိက တာဝန် ရှိသူ ဖြစ် ခဲ့ ရ ပါတယ် ။
စပါး ဟာ တိုက်စစ်မှူး ဟယ်ရီကိန်း ရဲ့ သွင်းဂိုး နဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပြီး ပဲလေ့စ် ရဲ့ ထိုးစစ် ဆင်မှု တွေ ကို ဆက်တိုက် ပိတ်ဆို့ ကစား နေခဲ့ ပါတယ် ။ ဒါပေမယ့် ပွဲပြီးဖို့ ၁၅ မိနစ် ခန့် အလို မှာတော့ ဖရီးကစ် ကနေ ပဲလေ့စ် ကစား သမား ရှလပ် က ချေပဂိုး သွင်းယူ သွားခဲ့ ပါတယ် ။
ဖရီးကစ် ဘောလုံး ဟာ ခေါင်းတိုက် သွင်းဖို့ ကြိုးစား သူတွေ အားလုံးနဲ့ လွဲချော်ပြီး ဂိုးပေါက် မှာ ရှိတဲ့ လိုရစ် ဆီ တည့်တည့် မတ်မတ် ဝင်လာခဲ့ ပါတယ် ။ ဒီဘောလုံးကို လိုရစ် က အနီးကပ် အနေအထား မှာ အမြန် ဖမ်းယူဖို့ ကြိုးစား ခဲ့ပေမယ့် လက်ကနေ ပြန်လွတ်ကျ ခဲ့ ပါတယ် ။ အဲ့ဒိ ဘောလုံး ကို ရှလပ် က ပြေးဝင် ကန်သွင်းကာ ပဲလေ့စ် အတွက် ချေပဂိုး ကို သွင်းယူ သွားခဲ့ တာပဲ ဖြစ် ပါတယ် ။
“လိုရစ် က ထိပ်တန်း ဂိုးသမား တစ်ယောက်ပါ ၊ ဒါပေမယ့် သူက အမြဲ လိုလို ဂိုးစည်း ပေါ်မှာပဲ နေတတ် ပါတယ် ။ သူ့ အနေနဲ့ အမြင့် ဘောတွေ ကို ထွက်ပုတ်တာ မျိုး ၊ ထွက်ဖမ်းတာ မျိုးတွေ လုပ်ဖို့ သင်ပါတယ် ။ ရှလပ် ရဲ့ အသင့် အနေအထား ရှိမှု ကတော့ သြချ လောက်စရာ ပါပဲ” လို့ ပက်ထရစ် အီဗရာ က Sky Sports က တဆင့် သုံးသပ် ပြောဆိုခဲ့ ပါတယ် ။
ဒါပေမယ့် မော်ရင်ဟို ကတော့ သူ့ရဲ့ ဂိုးသမား ဘက်ကနေ အပြည့်အ၀ ကာကွယ် ပြောဆို ပေးသွားခဲ့ ပြီး လိုရစ် ဟာ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ဂိုး သမား တစ်ယောက် ဖြစ်ကြောင်း နဲ့ တစ်စုံ တစ်ယောက် ထက် အသင်း ကို ဦးတည် ဝေဖန် ဖို့ ကိုသာ အဓိက ထားသင့်ကြောင်း တုန့်ပြန် ပြောဆို သွားခဲ့ ပါတယ် ။
“ကျွန်တော့ ဂိုး သမားက ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး တစ်ယောက်ပါ ။ ဒါကြောင့် ဒီလိဂ် ရဲ့ အကောင်းဆုံး ဂိုး သမား တစ်ယောက် ကို ဝေဖန် စရာ ဘာအကြောင်းမှ မရှိ ပါဘူး ။ တကယ်လို့ ကျွန်တော့ အနေနဲ့ တစ်စုံ တစ်ယောက် ကို ဝေဖန် ချင်တယ် ဆိုရင် အသင်းကို ပဲ ဝေဖန် မှာပါ ။ တစ်ချို့ က သူတို့ ရှုံးတယ် ၊ ငါတို့ နိုင်တယ် ၊ ငါနိုင်ခဲ့တယ် ဆိုပြီး ခွဲခြား ခွဲခြား လုပ်ချင်တဲ့ စိတ်ကူး ရှိပါတယ် ၊ ကျွန်တော့ မှာတော့ ဒါမျိုး မရှိပါဘူး”
“အရာ အားလုံးက စပါး နဲ့ ပဲ သက်ဆိုင် ပါတယ် ။ ဒါကြောင့် ဒီ သရေ ပွဲ အတွက် ကျွန်တော်တို့ အားလုံး ကို အပြစ်တင် ရမှာပါ ။ ပထမပိုင်း မှာ ပွဲကို အပြတ်ဖြတ် နိုင်အောင် လုပ်ခဲ့ သင့်တာကို မလုပ် နိုင်ခဲ့တဲ့ ကျွန်တော်တို့ အားလုံးမှာ အပြစ် ရှိပါတယ်”
“ဘာပဲ ဖြစ်ဖြစ် ဒီပွဲ မကစားခင် က ထက်တော့ အမှတ် ပိုသွား ပါပြီ ( ၁ မှတ် ) ။ ဒီကို ၃ မှတ် အတွက် လာခဲ့ တာပါ ၊ အခု ၁ မှတ် ပဲ ရခဲ့ ပါတယ် ။ ဒါကြောင့် အဆုံးသတ် ရရင်တော့ ကျွန်တော်တို့ ၂ မှတ် ဆုံးရှုံး ခဲ့တာ ပါပဲ” လို့ မော်ရင်ဟိုက ပြောဆို သွားခဲ့ ပါတယ် ။
ဆက်လက်ပြီး မော်ရင်ဟို က ဒုတိယပိုင်း မှာ စပါး ကို တောက်လျောက် ဖိ ကစား ခဲ့တဲ့ ပဲလေ့စ် အသင်းကို ချီးကျုး စကား ဆိုခဲ့သလို ၁ – ၁ သရေ ဖြစ်နေ ချိန် မှာ စပါး ရဲ့ ကန်သွင်းမှုတွေ ကို လက်စွမ်းပြ ကာကွယ် သွားခဲ့တဲ့ ပဲလေ့စ် ဂိုးသမား ဂွီတာ ကိုလည်း ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။
စပါး တို့ သရေ ကျခဲ့ ပေမယ့်လည်း အမှတ်တူ နဲ့ လိုက်လံ ဖိအား ပေး နေတဲ့ လီဗာပူး အသင်း ကလည်း ဖူလ်ဟမ် နဲ့ ၁ ဂိုးစီ သရေ ကျခဲ့တာ ကြောင့် မော်ရင်ဟို ရဲ့ အသင်းဟာ အဆင့် ၁ နေရာမှာ ဆက်လက် ရပ်တည် နိုင်ခဲ့ ပါတယ် ။ လာမယ့် ဗုဒ္ဓဟူးနေ့ ည မှာတော့ စပါး ဟာ အမှတ်တူ ရပ်တည် နေတဲ့ လီဗာပူး အသင်း ကို အန်ဖီးလ် ကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစား ရတော့ မှာပဲ ဖြစ် ပါတယ် ။