ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ပေါ့ဘာ၏ဒူးဒဏ်ရာကို အထူးကုသမားတော်တစ်ဦးနှင့် တိုင်ပင်ကာ စမ်းသပ်စစ်ဆေးမှုများ ထပ်မံပြုလုပ်သွားမည်ဟု ဂျူဗင်တပ်စ် အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ပေါ့ဘာသည် အသင်း၏ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွင် ညာဘက်ဒူးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းဒဏ်ရာကြောင့် ပေါ့ဘာအနေဖြင့် ကုသမှုများခံယူရန် အမေရိကန်မှ အီတလီသို့ ပြန်လာခဲ့ပြီး ဇူလိုင်လ ၂၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘာစီလို နာနှင့် ရာသီကြိုခြေစမ်းပွဲတွင်လည်း ပါဝင်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
ပေါ့ဘာ သည် အသင်းဟောင်း ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြန်လည်ရောက်ရှိလာပြီးနောက် နှစ်ပတ်အကြာတွင် ယင်းဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှု ခံယူရခြင်း ရှိ၊ မရှိကို အထူးကုသမားတော်မှ ဆုံးဖြတ်ချက် ချဖွယ်ရှိသည်ဟု Football Italia သတင်းဌာနမှ ဖော်ပြခဲ့သည်။
ယင်းဒဏ်ရာများသည် ခွဲစိတ်ကုသမှုမလိုအပ်လျှင် ရက်သတ္တပတ် နှစ်ပတ် သို့မဟုတ် သုံးပတ်ခန့် အနားယူရပြီး ခွဲစိတ်ခဲ့လျှင်မူ အနည်းဆုံး တစ်လခန့် အနားယူရနိုင်ကြောင်း သိရသည်။ ဂျူဗင်တပ်စ်အသင်းသည် သြဂုတ်လ ၁၅ ရက်တွင် ဆာဆူအိုလိုအသင်းနှင့် စီးရီးအေရာသီအဖွင့်ပွဲစဉ် ကစားရမည်ဖြစ်ပြီး ယင်းပွဲအမီ ကြံ့ခိုင်မှုပြည့်ဝရန် ရုန်းကန်ရမည့်အနေအထားဖြစ်သည်။
ဂျူဗင်တပ်စ်အနေဖြင့် အသင်းကွင်းလယ်ကစားသမားများဖြစ်သည့် အာသာနှင့် ရာဘီယူတို့ကို ယခုနွေရာသီအပြောင်းအရွှေ့ ကာလအတွင်း ရောင်းချသွားဖွယ်ရှိနေရာ ယခု ပေါ့ဘာ ဒဏ်ရာရရှိမှုကြောင့် အသင်း၏ အပြောင်းအရွှေ့အစီအစဉ်များ အပြောင်းအလဲဖြစ်လာနိုင်ကြောင်း အီတလီသတင်းများက ဖော်ပြခဲ့သည်။