2018 ခုနှစ် ကတည်းက ကစားသမား တွေနဲ့ ပတ်သက်လို့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ မကြာခန ဆိုသလို မြင်တွေ့ နေခဲ့ရတဲ့ ကြီးမားတဲ့ ပြသနာ တစ်ခုက ပေါ့ဂ်ဘာ ရဲ့ အသင်း ပြောင်းရွှေ့ရေး သတင်း တွေပဲ ဖြစ်ခဲ့ရ ပါတယ် ။ သူ့ရဲ့ သတင်း တွေက ယူနိုက်တက် ပရိသတ် တွေကို သုံးလ တစ်ကြိမ် နီးပါး စိတ်ပျက်မှုတွေ ပေးနေခဲ့ ပါတယ် ။
မကြာသေးခင် ကပဲ ယူနိုက်တက်တို့ RB လက်ပ်ဇစ် အသင်း နဲ့ ရင်ဆိုင်ခဲ့တဲ့ ချန်ပီယံလိဂ် အဆုံးအဖြတ် ပွဲစဉ် မတိုင်မီ တုန်းက သူ့ရဲ့ အေးဂျင့် ရိုင်အိုလာ က ပေါ့ဂ်ဘာဟာ ယူနိုက်တက်မှာ မပျော်ရွှင်တော့ကြောင်း ၊ သူနဲ့ ယူနိုက်တက်တို့ ဇာတ်လမ်း ကုန်ဆုံး သွားပြီ ဖြစ်ကြောင်း ပြောကြားခဲ့တဲ့ အတွက် ဝေဖန်သံတွေ ကျယ်လောင် ခဲ့ပါ သေးတယ် ။
ဒါပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ အဲ့ဒီ ပွဲစဉ် မတိုင်မီ ကတည်းက ယူနိုက်တက် အတွက် ပုံစံကောင်း တွေကို စတင် ပြသထားနိုင် ခဲ့ပြီး ရှက်ဖီး ယူနိုက်တက် အသင်းကို အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ် မှာလည်း အသင်းရဲ့ အကောင်းဆုံး ကွင်းလယ်လူ ဖြစ်ကြောင်း ခြေစွမ်းကောင်း ၊ ဘောလုံး စကေး ၊ ဂိုးဖန်တီးမှု တွေနဲ့ သက်သေ ပြသွား နိုင်ခဲ့ ပါတယ် ။
အခုတော့ လိဒ်စ် ယူနိုက်တက် အသင်းနဲ့ ကစားရမယ့် ပွဲစဉ် မတိုင်မီ သတင်းစာ ရှင်းလင်းပွဲ မှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က ပေါ့ဂ်ဘာဟာ အကောင်းဆုံး ကစားပေးလိုသူ ၊ လေ့ကျင့်လိုသူ ဖြစ်ကြောင်း ၊ သူဟာ ရည်မှန်းချက် ကြီးမားတဲ့ ကစားသမား ဖြစ်ကြောင်း ချီးကျူး စကားတွေကို ဆိုသွားခဲ့လိုက် ပါတယ် ။
” ပေါလ်… သူဟာ ဘောလုံး ကစားချင်သူ ၊ လေ့ကျင့်ရေး တွေကို လုပ်ဆောင်လိုသူ တစ်ဦးပါ ။ သူက ဘောလုံး ကစားရတာကို ပျော်ရွှင် ခံစားလိုသူ ဖြစ်ပြီး အောင်မြင်မှု တွေကို ရယူလိုသူ တစ်ဦးပဲ ဖြစ်ပါတယ် ။ သူဟာ ရည်မှန်းချက် ကြီးမားလှတဲ့ စပါယ်ရှယ် ကစားသမား တစ်ဦး ပါပဲ ”
” သူ့ကို ပွဲစဉ်တွေထဲ ၊ လေ့ကျင့်ရေး ကွင်းထဲ မြင်တွေ့ ရတဲ့ အခါတိုင်း ဘောလုံးကို ပျော်ရွှင် ခံစား နေတတ်တဲ့ ကစားသမား တစ်ဦး ကိုပဲ မြင်တွေ့ ရလေ့ ရှိခဲ့ ပါတယ် ။ ကစားသမား တွေနဲ့ ပတ်သက်လို့ ကျွန်တော် ဂရုတစိုက် ရှိတတ်တဲ့ အရာက အဲ့တာ ပါပဲ ။ သူတို့ ဘောလုံးကို ပျော်ရွှင် ခံစား နေရေး ပါပဲ ”
” ကျွန်တော်နဲ့ သူနဲ့ စကားတွေ ဘာတွေ ပြောဆို ဆွေးနွေးကြသလဲဆိုတာ သူရော ကျွန်တော်ပါ သိရှိကြပါတယ် ။ သူဟာ အရည်အသွေး ကောင်းတွေ စုံလင်စွာ ပိုင်ဆိုင် ထားသူ တစ်ဦးပါပဲ ။ သူ့ရဲ့ စွမ်းဆောင်ရည်တွေ အတွက် ကျွန်တော် ကြည်နူးမိပါတယ် ” လို့ ဆိုးလ်ရှား က ချီးကျူး သွားခဲ့လိုက် ပါတယ် ။
ရှက်ဖီး ယူနိုက်တက်နဲ့ ပွဲစဉ် တုန်းကတော့ ပေါ့ဂ်ဘာဟာ မာရှယ်ရဲ့ သွင်းဂိုးကို ဖန်တီး ပေးနိုင် ခဲ့ပြီး ရပ်ရှ်ဖို့ ရဲ့ ဒုတိယမြောက် သွင်းဂိုး ရရှိစေရေး မှာလည်း အရေးပါသူ ဖြစ်ခဲ့ရ ပါတယ် ။ အခုတော့ ဆိုးလ်ရှား က ခြေစွမ်း ပြသရေး အတွက် ပေါ့ဂ်ဘာ ရဲ့ ရုပ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်မှုက အရေးပါ ခဲ့ကြောင်း ဖွင့်ဟ ခဲ့လိုက် ပါတယ် ။
” တစ်ပွဲပြီး တစ်ပွဲ သူ့ရဲ့ ကြံ့ခိုင်မှု တွေနဲ့ ယုံကြည်ချက် တွေဟာ မြင့်တက် လာခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ် ။ သူ့လို အရည်အသွေးကောင်းတဲ့ ကစားသမား တစ်ယောက်ကို ပိုင်ဆိုင်နေပြီ ဆိုရင် ယုံကြည်မှု မြင့်တက် စေရေး အတွက် ကြံ့ခိုင်မှု ရှိနေဖို့က အခြေခံ လိုအပ်ချက် တစ်ခု ပါပဲ ။ ဘာဖြစ်လို့လဲ ဆိုတော့ ကြံ့ခိုင်မှု ပြည့်ဝနေမယ် ဆိုရင် အရည်အသွေး တွေကို ပြသ နိုင်မယ် ဆိုတာ ခင်ဗျား သိနေလို့ ပါပဲ ”
” သူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ဒဏ်ရာ ပြသနာ အများကြီး တွေနဲ့ အတူ ခက်ခဲတဲ့ နှစ် တစ်ခု ပိုင်ဆိုင်ခဲ့ ပါတယ် ။ သူဟာ 9 လ ၊ 10 လလောက် ပွဲ မကစားပေး နိုင်ခဲ့ ပါဘူး ။ သူဟာ ဒီနှစ် အစမှာလဲ ကိုဗစ် ဖြစ်ခဲ့ပါ သေးတယ် ။ အဲ့တာတွေကြောင့် သူဟာ အပြည့်အဝ ကြံ့ခိုင်နေတယ်လို့ မခံစား ခဲ့ရ ပါဘူး ”
” အဲ့တာဆို ဘယ်ဟာကို အရင် လုပ်မလဲ ? ကြံ့ခိုင်ဖို့ လိုအပ် နေတဲ့ သူ့ကို ပွဲတွေ ကစား စေမလား ? ဒါမှမဟုတ် ပွဲကစားခွင့်တွေ မပေးပဲ အနားပေး မလား ? အခုတော့ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တဲ့ အရာတွေအတွက် သူဟာ အကောင်းဆုံး တုန့်ပြန် ပြနေ ပါပြီ ။ ဒါကို ခင်ဗျားတို့ မြင်နေရ ပါပြီ ” လို့ ဆိုးလ်ရှားက ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။