ပြီးခဲ့သည့် စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ် ပွဲစဉ် စပါး(၀-၃)မန်ယူပွဲတွင် မန်ယူအသင်း၏ ၀ါရင့်ကစားသမားများဖြစ်ကြသော ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုနှင့် ဥရုဂွေးတိုက်စစ်မှူး ကာဗာနီတို့က အနိုင်ဂိုးများသွင်းယူခဲ့ကြရာ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အသက်အရွယ်နှင့်ပတ်သက်သည့် ထူးခြားမှတ်တမ်းများကို အသီးသီးတင်ရှိနိုင်ခဲ့ကြသည်။
ယင်းပွဲတွင် ပွဲချိန်(၆၄)မိနစ်၌ အသက်(၃၄)နှစ်အရွယ် ကာဗာနီ ဂိုးသွင်းနိုင်ရန် အသက် (၃၆)နှစ်အရွယ် စီရော်နယ်လ်ဒိုက ဖန်တီးပေးပို့ခဲ့ရာ အသက်အရွယ်ရင့်ကစားသမား(၂)ဦး၏ ဂိုးဖန်တီးမှု+ဂိုးသွင်းမှုကို ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း မန်ယူပရိသတ်များအနေဖြင့် ပထမဆုံးပြန်လည်တွေ့မြင်ရခြင်း ဖြစ်သည်။
ဘောလုံးအချက်အလက်မှတ်တမ်း ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် OptaJoe ၏ ဖော်ပြချက်အရ ၂၀၁၀ သြ ဂုတ်လတွင် ကစားခဲ့သော မန်ယူ – နယူးကာဆယ်ပွဲ၌ မန်ယူဝါရင့်တောင်ပံကစားသမား ရိုင်ယန်ဂစ် ဂိုးသွင်းနိုင်ရန် ၀ါရင့်ကွင်းလယ်လူ ပေါလ်စခိုးလ်က ဖန်တီးပေးပို့ခဲ့ပြီး ယင်းဂိုးနောက်ပိုင်း အသက်(၃၄)နှစ်နှင့်အထက် ကစားသမား(၂)ဦး၏ ဂိုးဖန်တီးမှု + ဂိုးသွင်းမှု (တစ်ဦးကဖန်တီး တစ်ဦးကဂိုးသွင်း)ကို ယခုမှ ပထမဆုံးပြန်လည်တွေ့မြင်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် မန်ယူအသင်းအတွက် ပထမဂိုးကို ပွဲချိန် (၃၉)မိနစ်တွင် လှလှပပသွင်းယူခဲ့သည့် စီရော်နယ်လ်ဒိုမှာလည်း ၂၀၁၄ ဒီဇင်ဘာလနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲအတွင်း ဂိုးသွင်းမှုနှင့် ဂိုးဖန်တီးမှုကိုပြုလုပ်နိုင်သည့် အသက်အကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းသိရှိရသည်။
၂၀၁၄ ဒီဇင်ဘာလက ချယ်လ်ဆီး နှင့် စပါးတို့ကစားသောပွဲစဉ်တွင် ချယ်လ်ဆီးအသင်း၏ အိုင်ဗရီကို့စ်တိုက်စစ်မှူး ဒရော့ဘာသည် အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့သလို၊ ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့သည်။
ထိုစဉ်က ဒရော့ဘာ၏အသက်မှာ (၃၆)နှစ်၊ (၂၆၇) ရက်ရှိခဲ့သည်။
ထူးခြားတိုက်ဆိုင်စွာပင် စပါး (၀-၃) မန်ယူပွဲကစားသည့်နေ့တွင် စီရော်နယ်လ်ဒိုမှာလည်း အသက် (၃၆)နှစ်၊ (၂၆၇)ရက်ရှိခဲ့ပြီး အသင်းအတွက် ကိုယ်တိုင် (၁)ဂိုးသွင်းယူနိုင်ခဲ့သလို တွဲဖက်တိုက်စစ်မှူး ကာဗာနီဂိုးသွင်းနိုင်ရန်လည်း (၁)ဂိုးဖန်တီးပေးနိုင်ခဲ့သည်။
စီရော်နယ်လ်ဒိုသည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်ဂိုး (၄)ဂိုး အပါအဝင် ပြိုင်ပွဲစုံ (၇)ဂိုး သွင်းယူပေးထားသည်။