အိုင်ယာလန်နာမည်ကြီး MMA အားကစားသမား မက်ဂရီဂေါ်သည် ဇူလိုင်လ(၁၀)ရက်က ထိုးသတ်ခဲ့သည့် UFC 264 တွင် ပြိုင်ဘက် အမေရိကန်နိုင်ငံသား ဒပ်စတင်ပိုရီယေးကို အရေးနိမ့်ခဲ့သော်လည်း ယင်းပွဲမှ ပေါင် (၃.၆၁)သန်း ရရှိခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
ယင်းပွဲစဉ်မှာ ၎င်းတို့နှစ်ဦး၏ တတိယမြောက် မကျေပွဲဖြစ်ပြီး ပထမအချီမှာပင် မက်ဂရီဂေါ် ခြေထောက်ကျိုးသွားသဖြင့် ပိုရီယေးက ထပ်မံအနိုင်ရရှိခဲ့ကြောင်း သိရသည်။ ပထမအချီပြီးဆုံးရန် စက္ကန့်ပိုင်းသာလိုတော့ချိန်တွင် မက်ဂရီဂေါ် ဝဲဘက်ခြေထောက် ခေါက်သွားသဖြင့် ကြမ်းပြင်ပေါ်သို့ ထိုင်ကျသွားပြီး ပိုရီယေးက လက်သီးတွဲလုံးများစွာဖြင့် ပွဲသိမ်းနိုင်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် အချိန်စေ့သွားသဖြင့် ပထမအချီပြီးဆုံးသွားပြီး ဆရာဝန်က ဒဏ်ရာအခြေအနေကို လာရောက်စစ်ဆေးပြီးနောက် ပွဲရပ်ဆိုင်း ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
မက်ဂရီဂေါ်သည် ဒဏ်ရာကြောင့် ခြေချင်းဝတ်အကာတပ်ဆင်၍ လူနာတင်တွန်းလှည်းဖြင့် ခေါ်ဆောင်သွားရပြီး ဝဲဘက်ညို့သကျည်းရိုးအောက်ပိုင်းကျိုးသွား ခြင်းဖြစ်ကြောင်း သိရသည်။ UFC သည် ပြိုင်ဘက်ကစားသမား (၂)ဦးအပေါ် ပေးချေရသည့်ငွေပမာဏကို တရားဝင်သတင်းထုတ်ပြန်မှုမရှိသော်လည်း မက်ဂရီဂေါ်သည် ပိုရီယေးထက် (၅)ဆခန့် ပိုရခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့သည်။ ပိုရီယေးသည် ယင်း ပွဲမှ (၇၃၆၀၀၀)ပေါင်သာ ရရှိခဲ့သည်ဟု Daily Mail က အတိ အလင်းရေးသားခဲ့သည်။
ယင်းပွဲကို Pay-per-view ရောင်းချရမှုသည် ကမ္ဘာတစ်ဝန်းလုံးတွင် (၁.၈)သန်းရှိခဲ့ပြီး ခါဘိနှင့် မက်ဂရီဂေါ်တို့ထိုးသတ်ခဲ့သည့် ပွဲစဉ်ပြီးလျှင် ဒုတိယအများဆုံးရောင်း ချရမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ မက်ဂရီဂေါ်အနေဖြင့် အဆိုပါ ပွဲကို (၅)မိနစ်ကြာသာ ထိုးသတ်ခဲ့သောကြောင့် Cage တွင်ရှိနေချိန် တစ်စက္ကန့်စာအတွက် (၁၂၀၃၃)ပေါင် ရရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်မေလက မက်ဂရီဂေါ်သည် ကမ္ဘာ့တစ်နှစ် တာဝင်ငွေအကောင်းဆုံးအားကစားသမားအဖြစ် ရပ်တည်စေ ခဲ့ပြီး ယခု ပိုရီယေးနှင့်ပွဲမှဝင်ငွေကြောင့် သူ့ကို ထိပ်ဆုံး၌ ဆက်လက်ရှိစေခဲ့သည်။ အနိုင်ရခဲ့သည့် ပိုရီယေးသည် လာမည့်ပွဲတွင် လိုက်ဝိတ်တန်းချန်ပီယံရွှေခါးပတ်အတွက် စိန်ခေါ်ထိုးသတ်ဖွယ် ရှိပြီး လက်ရှိချန်ပီယံဖြစ်သူ ဘရာဇီးလ်နိုင်ငံသား အိုလီဗီရာနှင့် ရင်ဆိုင်ထိုးသတ်ရမည်ဖြစ်သည်။
UFC 264တွင် မက်ဂရီဂေါ်၏အရေးနိမ့်မှုသည် UFC $ ထိပ်တန်းကစားသမားအဖြစ် ရပ်တည်မှုကို အဆုံးသတ်သွားစေ ခဲ့ကြောင်းနှင့် ခြေထောက်ကျိုးခဲ့မှုသည် သူ၏ဆုတ်ယုတ်လာမှုကို ခိုင်မာစေခဲ့ကြောင်း အဓိကပြိုင်ဘက်ဖြစ်ခဲ့သူ ခါဘိက သုံးသပ်ခဲ့သည်။
“ဘာတွေဖြစ်ပျက်ခဲ့သလဲ။ ဒိုင်လူကြီးတွေက ဒပ်စတင်ပိုရီယေးကို ၁၀-၈ နဲ့ အနိုင်ပေးထားတယ်။ ဒပ်စတင်ဟာ သူ့ (မက်ဂရီဂေါ် )ကို ပထမအချီမှာပဲ ချိုးချိုးဖဲ့ဖဲ့လုပ်ခဲ့တယ်။ သူ တို့ အကြိမ် (၁၀၀) လောက်ထိုးလည်း ဒပ်စတင်ကပဲ အကြိမ် (၁၀၀) စလုံး အနိုင်ရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”ဟု ခါဘိက ESPN သတင်းဌာနသို့ ပြောကြားခဲ့သည်။
မက်ဂရီဂေါ်သည် ခြေထောက်ကို ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ခွဲစိတ်မှုအောင်မြင်သော်လည်း ဆရာဝန်၏ အထူးခွင့်ပြုချက်မရရှိလျှင် လာမည့်နှစ် ဇန်နဝါရီလအထိ ပြိုင်ပွဲများထိုးသတ်ခြင်းမှ အနားယူရဖွယ်ရှိနေ ကြောင်း သိရသည်။