ပရီးမီးယားလိဂ်ပွဲစဉ် မန်စီးတီး(၁-၂)ချယ်လ်ဆီးပွဲ၌ ဂိုးမဝင်ခဲ့သည့် ပယ်နယ်တီနှင့်ပတ်သက်၍ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးက ပြန်လည်တောင်းပန်ခဲ့သည်။
ယင်းပွဲတွင် မန်စီးတီးအသင်း (၁-၀)ဂိုးဖြင့် အနိုင်ရရှိနေချိန် ပွဲချိန်(၄၅+၃)မိနစ်၌ ပယ်နယ်တီရရှိခဲ့ပြီး ယင်းပယ်နယ်တီကို မန်စီးတီးအသင်း၏ ဂိုးသွင်းစံချိန်ရှင် ၀ါရင့်တိုက်စစ်မှူး အဂွဲရိုးက ကန်သွင်းခဲ့သည်။
သို့သော် အဂွဲရိုးသည် ယင်းပယ်နယ်တီအား အပြင်းမကန်ခဲ့ဘဲ (ချက်လက်ရွေးစင်ကစားသမားဟောင်း ပါနန်ကာကန်သကဲ့သို့) အသာအယာကန်သွင်းခဲ့သည်။
သူ၏ကန်ချက်မှာ ပျော့လွန်းသဖြင့် ချယ်လ်ဆီးဂိုးသမား မန်ဒီက လက်တစ်ဖက်တည်းနှင့် ဘောလုံးကို အသာအယာပင် ဖမ်းယူခဲ့သည်။
အကယ်၍ ယင်းပယ်နယ်တီဝင်ခဲ့ပါက မန်စီးတီးအသင်းမှာ (၂-၀)ဂိုးဖြင့် ဦးဆောင်ခွင့်ရရှိမည်ဖြစ်သော်လည်း အဂွဲရိုး၏ဆုံးဖြတ်ချက်အမှားကြောင့် ယင်းအခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။
ဒုတိယပိုင်းတွင် ချယ်လ်ဆီးအသင်းက ချေပဂိုးနှင့်အနိုင်ဂိုးများ သွင်းယူသွားခဲ့ရာ မန်စီးတီးအသင်း၏ ရှုံးပွဲအတွက် အဂွဲရိုးအပေါ် ပြစ်တင်ဝေဖန်မှုများစွာ ကျရောက်လာခဲ့သည်။
လူမှုကွန်ရက်စာမျက်နှာများတွင် အဂွဲရိုးအား ပြစ်တင်လှောင်ပြောင်သည့် ပို့စ်များစွာ ထွက်ပေါ်လာခဲ့ပြီး အဂွဲရိုးက ယင်းပယ်နယ်တီနှင့်ပတ်သက်၍ သူ၏ Instagram ၌ ပြန်လည်တောင်းပန်ခဲ့သည်။
”ကျွန်တော့်ရဲ့အသင်းဖော်တွေ၊ မန်စီးတီးအသင်းဝန်ထမ်းတွေနဲ့ ပရိသတ်တွေကို ကျွန်တော် ဂိုးမဝင်ခဲ့တဲ့ ပယ်နယ်တီအတွက် တောင်းပန်ချင်ပါတယ်။ ဒါဟာ မှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခုပါ။ ဒီအရာအတွက် ကျွန်တော့်မှာ တာဝန်အပြည့်အဝရှိပါတယ်”ဟု အဂွဲရိုးက Instagram တွင် ရေးသားခဲ့သည်။