မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ပက်ထရစ် အီဗရာက ဒီရာသီ စပါးရဲ့ ပရီးမီးယားလိဂ် ဆုဖလား အခွင့်အရေး အတွက် ကွင်းလယ်လူ မူဆာဆစ်ဆိုကိုဟာ အလွန်အရေး ပါလိမ့်မယ်လို့ ယုံကြည် နေပါတယ်။ ဂျိုဆေးမော်ရင်ညိုရဲ့ တော့တင်ဟမ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ အပြီးမှာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး နေရာမှာ ရပ်တည် နေပြီး ဒုတိယ နေရာက လီဗာပူးနဲ့ အမှတ်တူ ၊ အဆင့် ၅ နေရာက ချဲလ်ဆီးကို ၅ မှတ်အသာ ၊ အဆင့် ၈ နေရာက ယူနိုက်တက်ကို ၅ မှတ် ၊ အဆင့် ၉ နေရာက မန်စီးတီးကို ၆ မှတ် အသာနဲ့ ဦးဆောင် နေပါတယ်။
ဆစ်ဆိုကိုဟာ စပါးတို့ ဒီရာသီ အစ ပုံစံကောင်း ရနေမှုမှာ အဓိက နေရာကနေ ပါဝင် ကစားနေပြီး ပြင်သစ် စတားဟာ ဒီရာသီ စပါး အတွက် ၉ ပွဲ ပွဲထွက် ပါဝင် ကစားခဲ့ပြီး ဒီရာသီ စပါးတို့ ရှုံးနိမ့်ခဲ့တဲ့ တစ်ခုတည်းသော ပွဲစဉ်ဟာ ဆစ်ဆိုကို ပွဲထွက်ခြင်း မရှိခဲ့တဲ့ ၂ ပွဲထဲက တစ်ပွဲ ဖြစ်ပါတယ်။ ဆွန်ဟောင်းမင်း ဟာ ဒီရာသီ ဂိုးသွင်း စွမ်းရည် ထက်မြက်လျက် ရှိနေပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ လိဂ်သွင်းဂိုး ၁၀ ဂိုးထိ ရရှိထားခဲ့ပြီး ဖြစ်ပါတယ်။
ဟယ်ရီကိန်း ကလည်း ပရီးမီးယားလိဂ်မှာ ၉ ဂိုးသွင်းယူ ထားခဲ့ပြီး ဖြစ်တဲ့ အပြင် အသင်းဖော်တွေ အတွက် ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ် ထားကာ အကောင်းဆုံး ပုံစံကို ပြသ နေပါတယ်။ ဒါပေမယ့်လည်း အီဗရာက ကိန်း နဲ့ ဆွန် တို့ထက် စာရင် ဆစ်ဆိုကိုဟာ တော့တင်ဟမ်ရဲ့ ချန်ပီယံ မျှော်လင့်ချက် အတွက် ပိုမို အရေးပါတယ်လို့ ယုံကြည် နေပါတယ်။
အီဗရာက “မော်ရင်ညိုရဲ့ အသင်းတွေဟာ အမြဲတမ်း အနိုင်ယူ ရတာ အရမ်း ခက်ခဲလေ့ ရှိပါတယ်။ အခု သူ့မှာ အရမ်းကို တောင့်တင်းတဲ့ ကွင်းလယ်ကို ပိုင်ဆိုင် ထားပါတယ်။ ကျွန်တော့် အနေနဲ့ ဒီနေရာမှာ ဆစ်ဆိုကိုရဲ့ အကြောင်းကို ပြောသွားချင် ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ သူ့ကို ကစားသမား မျိုးကို သိပ်ပြီး အထူးတလည် ချီးကျူးလေ့ မရှိကြလို့ပါ။
သူဟာ တကယ့်ကို လုပ်အား ကောင်းလှတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး သူဟာ ဆာ့အော်ရီယေး ရဲ့ ညာနောက်ခံလူ နေရာကို အကောင်းဆုံး cover လုပ်ပေးနေပါတယ်။ သူဟာ တကယ့်ကို စွမ်းအင် ပြည့်ဝကာ သန်မာလှ ပါတယ်။
ဒါ့ကြောင့် သူတို့ နိုင်ပွဲတွေ ရနေတာဟာ ကွင်းလယ်ကနေ အစပြုတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ဟာ တအားကို ကျစ်လစ်တဲ့ အပြင် ဗဟိုခံစစ်မှာ အဲရစ်ဒီယာ ကိုလည်း ထားကစား နေပါတယ်။ ဒါ့ကြောင့် သူတို့ဟာ ဒီရာသီ အမှတ်ပေးဖလား အတွက် အထူးကို ရေပန်းစားတဲ့ အသင်း ဖြစ်ပါတယ်။” လို့ ဆိုသွားပါတယ်။
အီဗရာက ဆစ်ဆိုကိုဟာ အော်ရီယေးရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ထွက်ပေါ်လာအောင် ကူညီ ပေးထားခဲ့တယ်လို့ ဆိုလိုက်ပြီး ပြင်သစ် နောက်ခံလူဟာ သူ့ကို သံသယ ရှိသူတွေကို မှားယွင်းကြောင်း စတင် သက်သေ ပြနေတယ်လို့ ယုံကြည် နေပါတယ်။ အော်ရီယေးဟာ ပြီးခဲ့တဲ့ နွေရာသီက ဝုဖ်ကနေ ဒိုဟာတီ ရောက်လာ ခဲ့ပေမယ့်လည်း မော်ရင်ညိုရဲ့ လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့် ရရှိနေပါတယ်။
အီဗရာက “အော်ရီယေးဟာ အရည်အချင်း ရှိတဲ့ ကောင်လေး ဖြစ်ပြီး သူ့မှာ မာကျောတဲ့ စရိုက်လက္ခဏာ ရှိပါတယ်။ ကျွန်တော် သူနဲ့ စကား ပြောခဲ့ဖူးပါတယ်။ မော်ရင်ညိုဟာ ပြီးခဲ့တဲ့ ရာသီက သူ့ကို အသင်းရဲ့ လူစာရင်း ကနေ အကြိမ် အနည်းငယ် ချန်လှပ်မှု လုပ်ခဲ့ပြီး သူဟာ ဒါကို မပျော်ရွှင် ခဲ့ပါဘူး။ အခုဆိုရင် သူဟာ တော့တင်ဟမ် အတွက် ပွဲထွက်ခွင့် ရသင့်တယ် ဆိုတာကို ပြသ ထားခဲ့ပါတယ်
ညာခြမ်းမှာ ဆာ့ချ်အော်ရီယေးဟာ ကောင်းမွန်တဲ့ နောက်ခံလူ တစ်ဦး မဟုတ်ဘူး ဆိုတာကို ကျွန်တော်တို့ အတော် ပြောဖြစ် ခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော် ကတော အရင် ကတည်းက ဒီလို မယူဆခဲ့ပါဘူး။ ကျွန်တော် ကတော့ သူဟာ အရမ်း ကောင်းတဲ့ ညာနောက်ခံလူလို့ ထင်ပါတယ်။ ဒါပေမယ့် မူဆာဆစ်ဆိုကိုဟာ တကယ့်ကို လုပ်အား ကောင်းလှတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။