spot_img

ပရီးမီးယားလိဂ်သမိုင်းတွင် သွင်းဂိုး(၅၀)အမြန်ဆုံးပြည့်မြောက်သူအဖြစ် (၄၈)ပွဲဖြင့် ဟာလန်း စံချိန်တင်ခဲ့ပြီး (၇၇.၈၀)မိနစ်လျှင် တစ်ဂိုးနှုန်း သွင်းယူနိုင်ခဲ့ခြင်းဖြစ်

မန်စီးတီးအသင်း၏ တိုက်စစ်မှူးဟာလန်းသည် ပရီးမီးယားလိဂ်သမိုင်းတွင် သွင်းဂိုး(၅၀) အမြန်ဆုံးပြည့်မြောက်သည့်ကစားသမားအဖြစ် (၄၈)ပွဲဖြင့် စံချိန်တင်ခဲ့ကြောင်း သိရသည်။

ဟာလန်းသည် စနေနေ့က ယှဉ်ပြိုင်ကစားခဲ့သော မန်စီးတီး ၁-၁ လီဗာပူးလ်ပွဲတွင် အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူကာ အဆိုပါစံချိန်ကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယခင်က ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် သွင်းဂိုး(၅၀)အမြန်ဆုံးပြည့်မြောက်သူအဖြစ် စံချိန်တင်ထားသူမှာ နယူးကာဆယ်နှင့် မန်ယူတိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်ဖြစ်ပြီး သွင်းဂိုး(၅၀)ကို ပွဲပေါင်း(၆၅)ပွဲယှဉ်ပြိုင်ကာ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဟာလန်းသည် အန်ဒီကိုးလ်၏စံချိန်ကို (၁၇)ပွဲအသာဖြင့် ချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသည့် အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားမှာမူ သွင်းဂိုး(၅၀)ပြည့်မြောက်ရန် (၆၆)ပွဲ အချိန်ယူခဲ့ရသည်။ ဟာလန်းသည် ပရီးမီးယားလိဂ် သွင်းဂိုး(၅၀)ကို စုစုပေါင်းပွဲကစားချိန်(၃၈၉၀)မိနစ်တွင် သွင်းယူခဲ့ခြင်းဖြစ်သောကြောင့် ပျမ်းမျှခြင်းအားဖြင့် (၇၇.၈၀)မိနစ်လျှင် တစ်ဂိုးနှုန်း သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဂိုးသွင်းနှုန်းမှာလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အနည်းဆုံးဂိုး(၄၀)သွင်းယူနိုင်သည့် ကစားသမားများထဲတွင် အကောင်းဆုံးစံချိန်အဖြစ် မှတ်တမ်းဝင်လျက်ရှိသည်။ ဟာလန်း၏နောက် ဒုတိယဂိုးသွင်းနှုန်းအမြင်ဆုံးအဖြစ် ရပ်တည်နိုင်သူမှာ မန်စီးတီးတိုက်စစ်မှူးဟောင်း အဂွဲရိုး ဖြစ်ပြီး (၁၀၇.၉၂)မိနစ်လျှင် တစ်ဂိုးနှုန်း သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီက တတိယနေရာ၌ (၁၂၁.၇၉)မိနစ်လျှင် တစ်ဂိုးနှုန်းဖြင့် ရပ်တည်ခဲ့သည်။

myan789

ဟာလန်းသည် အဆိုပါသွင်းဂိုး(၅၀)ကို ဂိုးဧရိယာအတွင်းမှ (၄၈)ဂိုး၊ ဂိုးဧရိယာအပြင်မှ (၂)ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။ ဟာလန်းသည် လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ယခုမှ ပထမဆုံးဂိုးသွင်းယူနိုင်ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် ပရီးမီးယားလိဂ်၌ ဆုံတွေ့ဖူးသည့် ပြိုင်ဘက် (၂၁)သင်းအနက် အသင်း(၂၀)ကို ဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်သည်။ ၎င်းဂိုးမသွင်းယူနိုင်သေးသည့် တစ်သင်းတည်းသော အသင်းမှာ ဘရန့်ဖို့ဒ်အသင်းဖြစ်ကြောင်း သိရသည်။ ဟာလန်းသည် ဒေါ့မွန်အသင်း၌ ကစားစဉ်က ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် သွင်းဂိုး (၅၀)အမြန်ဆုံးပြည့်မြောက်သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် သွင်းဂိုး (၃၀)အမြန်ဆုံးပြည့်မြောက်သူအဖြစ်လည်း စံချိန်တင်ထားသည်။ ထို့ပြင် အင်္ဂလန်မြေ၌ စံချိန်သစ်များ တစ်ခုပြီး တစ်ခုရယူနေသည့်အတွက် မီဒီယာများစွာ၏ ချီးကျူးမှုလည်း ရရှိနေပြီး အလန်ရှီးယား၏ ပရီးမီးယားလိဂ်သွင်းဂိုး (၁၀၀)အမြန်ဆုံးပြည့်မြောက်သည့်စံချိန်ကို ထပ်မံချိုးဖျက်နိုင်လိမ့်ဦးမည်ဟုလည်း ထင်ကြေးပေးခံနေရသည်။ အလန်ရှီးယားသည် ဘလက်ဘန်းအသင်းတွင် ယှဉ်ပြိုင်ကစားခဲ့စဉ်က ပရီးမီးယားလိဂ်သွင်းဂိုး(၁၀၀)ကို (၁၂၄)ပွဲတွင် သွင်းယူကာ ပွဲအရေအတွက်အနည်းဆုံးဖြင့် အမြန်ဆုံးပြည့်မြောက်သူအဖြစ် စံချိန်တင်ထားခြင်းဖြစ်သည်။ ဟာလန်းအနေဖြင့် ယခုဂိုးသွင်းနှုန်းအတိုင်းသာ ရှေ့ဆက်နိုင်ခဲ့ပါက ပွဲ(၁၀၀)မပြည့်မီမှာပင် ပရီးမီးယားလိဂ်သွင်းဂိုး (၁၀၀)ပြည့်မြောက်နိုင်မည်ဖြစ်သည်။ ဟာလန်းသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၃၅)ပွဲကစားပြီး (၃၆)ဂိုး သွင်းယူနိုင်ခဲ့သလို၊ ယခုရာသီတွင်လည်း (၁၃)ပွဲကစားအပြီးတွင် (၁၄)ဂိုးသွင်းယူထားသည်။ ထို့ကြောင့် နောက်ဆုံး(၂)ရာသီအတွင်း ဥရောပထိပ်သီးလိဂ် (၅)ခုထဲတွင် လိဂ်ဂိုးအများဆုံးသွင်းယူထားနိုင်သူအဖြစ် ရပ်တည်လျက်ရှိကြောင်းလည်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular