ပေါလ်မာဆွန်က လီဗာပူးတို့ ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ကာကွယ် နိုင်ဖို့ အတွက် ဆိုရင် နည်းပြ ယာဂန်ကလော့ အနေနဲ့ ကွင်းလယ်လူ တီယာဂို အယ်ကန်တာရာကို ရက်သတ္တပတ်တိုင်း ဝင်ကစားခိုင်းဖို့ လိုအပ်တယ်လို့ ဆိုလိုက်ပါတယ်။ တီယာဂိုဟာ ပြီးခဲ့တဲ့ နွေရာသီက ဘိုင်ယန်မြူးနစ် ကနေ လီဗာပူးကို ပြောင်းရွေ့ လာခဲ့သူ ဖြစ်ပေမယ့် အန်ဖီးမှာ ၎င်းရဲ့ တာထွက်ဟာ ကိုရိုနာဗိုင်းရပ်စ် နဲ့ ဒဏ်ရာ ပြသနာကြောင့် အထနှေး ခဲ့ရပါတယ်။
ဒါပေမယ့်လည်း တီယာဂိုဟာ အခုချိန်မှာ ကြံ့ခိုင်မှု ပြည့်လည် ပြည့်၀ နေပြီ ဖြစ်ကာ ပြီးခဲ့တဲ့ weekend က အက်စတွန်ဗီလာကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ဒုတိယပိုင်းမှာ လူစားဝင်လာ ခဲ့ပြီးနောက် ပွဲကို အလှည့်အပြောင်း ဖြစ်အောင် လုပ်ပေး နိုင်ခဲ့ပါတယ်။ မန်ယူနိုက်တက်တို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘန်လေကို အနိုင် ရရှိခဲ့တာကြောင့် ယာဂန်ကလော့ရဲ့ အသင်းဟာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး နေရာကို လွဲှပြောင်း ပေးခဲ့ရပါတယ်။
လီဗာပူးဟာ လာမည့် တနင်္ဂနွေနေ့မှာတော့ အိုလီဂန်နာဆိုးရှားရဲ့ အသင်းကို အန်ဖီးမှာ လက်ခံ ယှဉ်ပြိုင် ကစား သွားရမှာ ဖြစ်ပြီး ဒါဟာ title race အတွက် အရေးပါတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ပါတယ်။ ခရစ်စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ ၇-၀ နဲ့ အနိုင် ရခဲ့ပြီး ကတည်းက လီဗာပူးဟာ လိဂ်ပြိုင်ပွဲမှာ ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံး နေခဲ့တာ ဖြစ်ပြီး ဝက်ဘရွမ်း နဲ့ နယူးကာဆယ် တို့ကို သရေကျ ခဲ့ကာ ဆောက်သမ်တန်ကို ရှုံးနိမ့် ခဲ့ပါတယ်။
ဒါ့ကြောင့်လည်း လီဗာပူးဟာ ဒီတစ်ပတ် ပွဲကြီးပွဲကောင်းမှာ ရလဒ်ဆိုးတွေ ကနေ ရုန်းထွက် သွားဖို့ ဆန္ဒပြင်းပြလျက် ရှိနေပြီး မာဆွန် ကတော့ ဖာဘင်ညို နဲ့ ဂျော်ဒန်ဟန်ဒါဆန် တို့ ဗဟိုခံစစ်မှာ ဖြည့်ကစားပေး နေရတဲ့ အခြေအနေကြောင့် တီယာဂိုဟာ ယခုနဲ့ ရာသီကုန်ကြားမှာ လီဗာပူး အတွက် အထူး အရေးပါတဲ့ ကစားသမား ဖြစ်လာနိုင်တယ်လို့ ခံစား မိနေပါတယ်။
အာဆင်နယ် ကစားသမားဟောင်းက “အခုချိန်မှာ လီဗာပူးကို ပြိုင်ဘက် အသင်းတွေ ချည်းကပ်နေတဲ့ ပုံစံက သူတို့ကို နေရာလွတ် သိပ်မပေးဘဲ ‘မင်းတို့ ငါတို့ ခံစစ်ကို ဖြိုလို့ ရရင် ဖြိုသွားလိုက်’ ဆိုတဲ့ ပုံစံမျိုးလို့ ကျွန်တော် ခံစား မိနေပါတယ်။ လီဗာပူးဟာ ကွင်းလယ်မှာ ပရိယာယ် ကြွယ်ဝတဲ့ ကစားသမား မရှိတာကြောင့် ရုန်းကန် ခဲ့ရပါတယ်။ သူတို့ အနေနဲ့ တီယာဂိုကို ရက်သတ္တပတ်တိုင်း ကစားခိုင်းဖို့ လိုအပ် နေပါတယ်။ သူဟာ killer pass တွေ လုပ်နိုင်တဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်ပါတယ်။
ယာဂန်ကလော့ ကိုယ်တိုင်လည်း ဒါကို အခုချိန်မှာ သိနေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကွင်းလယ်ပိုင်းမှာ ဖန်တီးမှု အားနည်း နေတာကြောင့် သူဟာ လီဗာပူး အတွက် ကစားရတော့မှာ မဟုတ်ဘူးလို့ လူတွေ ယူဆ ခဲ့ကြတဲ့ ဇာဒန်ရှကီရီလို လူမျိုး ကိုတောင် ထည့်သွင်း အသုံးပြု ခဲ့ရလို့ ဖြစ်ပါတယ်။ ဒါပေမယ့် ရှကီရီဟာ အကွက်မြင်မြင် နဲ့ ဘောလုံးကို ပေးပို့ နိုင်စွမ်း ရှိသူပါ။
ဒီလို ကစားသမားမျိုးတွေ မရှိတဲ့ အခါ ဆာဒီယိုမာနေး ၊ မိုဟာမက်ဆာလား နဲ့ ရော်ဘတ်တိုဖာမီနို တို့ဟာ ပွဲအတွင်းမှာ X-factor တွေ လုပ်နေ ရပါတယ်။ လီဗာပူးဟာ ဘောလုံး မရှိဘဲ ကစားတဲ့ အခါမှာ ကမ္ဘာ့အကောင်းဆုံး အသင်း ဖြစ်နေဆဲပါ။ ဒါပေမယ့် ပြိုင်ဘက်တွေက နေရာလွတ် မပေးဘဲ ပိတ်ကစားတဲ့ အခါမှာတော့ သူတို့ဟာ ကစားရ ခက်ခဲ နေပါတယ်။
တီယာဂို အနေနဲ့ လီဗာပူး အတွက် ပွဲတိုင်း ပါဝင် ကစား သွားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ သူဟာ ဘယ်လောက် အကွက်မြင်တဲ့ ကစားသမားလဲ ဆိုတာကို သူ ဝင်ကစားခဲ့တဲ့ ပွဲစဉ် တစ်ချို့မှာ ကျွန်တော်တို့ တွေ့နိုင်ပါတယ်။ အမြဲတမ်းတော့ အလုပ်မဖြစ်ပေမယ့် သူဟာ နေရာလွတ်တွေကို ကောင်းကောင်း မြင်သူပါ။
ဂျော်ဒန်ဟန်ဆန် နဲ့ ဖာဘင်ညို တို့ရဲ့ ကွင်းလယ် လုပ်အားကို မလိုအပ်တဲ့ အသင်း မရှိနိုင်ပါဘူး။ လီဗာပူးဟာ ဒဏ်ရာ ပြသနာတွေကြောင့် ဒီကစားသမားတွေကို နောက်တန်း ဆင်းကစားခိုင်း နေရပြီး ဒါဟာ အသင်းအတွက် ခက်ခဲမှု ရှိပါတယ်။ လီဗာပူး ကွင်းလယ်ဟာ အမြဲတမ်း အရာအားလုံး ဖြစ်လာအောင် လုပ်နိုင်ပါတယ်။ သူတို့ဟာ unsung hero တွေပါ။
သူတို့ မရှိတဲ့ အခါ လီဗာပူးရဲ့ ကစားကွက်ပိုင်းဟာ ထိခိုက်မှုတွေ ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ဟာ နောက်တန်း ၄ ဦး ရှေ့မှာ ကာကွယ်ပေးတဲ့ အပြင် နောက်တန်း အစွန်လူတွေကို တိုက်စစ်ကို အပြည့်အ၀ လိုက်ပါနိုင်အောင် ပံ့ပိုး ပေးပါတယ်။ ပြီးတော့ သူတို့ဟာ front three ကို စိတ်ကြိုက် ကစားနိုင်အောင်လည်း လုပ်ပေး ခဲ့ပါတယ်။” လို့ ဆိုသွား ပါတယ်။