လီဗာပူးလ် – ဝက်ဖို့ဒ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၆ ရက် ညနေ ၆:၀၀ နာရီ)
ဝက်ဖို့ဒ်အသင်းက အန္တရာယ်ဇုန်ထဲကလွတ်အောင် ကြိုးစားရမှာဖြစ်တယ်။ နည်းပြသစ် ရာနီရေးရီရဲ့အတွေ့အကြုံနဲ့ လီဗာပူးလ်ဆီက အမှတ်ခွဲယူဖို့ ကြိုးစားမှာဖြစ်ပေမဲ့ လက်ရှိအနေအထားမှာတော့ တားဆီးနိုင်ဖို့ မလွယ်ဘူး။ ချယ်လ်ဆီးနဲ့အပြိုင်ဖြစ်နေတဲ့ လီဗာပူးလ်က အားနည်းနေတဲ့့ ဝက်ဖို့ဒ်ကို အနိုင်ကစားဖို့ အခက်အခဲမရှိလောက်ဘူးလို့ ယူဆရတယ်။ လီဗာပူးလ် (၀-၂) လောက်ဖြစ်မယ်။
အက်စတွန်ဗီလာ – ဝုလ်ဗ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၆ ရက် ည ၈:၃၀ နာရီ)
ဒီရာသီ အက်စတွန်ဗီလာရဲ့ခြေစွမ်းက မဆိုးဘူးဆိုပေမဲ့ ရလဒ်ပိုင်းကတော့ အတက်အကျကြမ်းတယ်။ နိုင်ငံတကာပွဲစဉ်တွေ မရပ်နားခင်မှာ စပါးအသင်းကို ရှုံးခဲ့ပြီး ခြေစွမ်း ပိုင်းကတော့ မညံ့ခဲ့ဘူး။ ဝုလ်ဗ်ကလည်း ရလဒ်တွေ အရမ်းမကောင်းသေးပေမဲ့ ဒီရာသီ ကစားပုံက မနှစ်ကထက်ပိုကောင်းပြီး ဆွဲဆောင်မှုရှိတယ်။ ပုံမှန်အားဖြင့်တော့ သရေလောက်ပဲဖြစ်လိမ့်မယ်။ (၁-၁) ဖြစ်နိုင်ပါတယ်။
လက်စတာ – မန်ယူ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၆ ရက် ည ၈:၃၀ နာရီ)
မန်ယူအသင်းက (၂)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တာကို အဆုံးသတ်ဖို့ ကြိုးစားရမှာဖြစ်သလို၊ လက်စတာကလည်း ဒီရာသီမှာ ရလဒ်တွေကျဆင်းနေတာကို ပြုပြင်ဖို့အတွက် ဒီပွဲမှာ အလှည့်အပြောင်းတစ်ခု ရှာဖွေရမှာဖြစ်တယ်။ မန်ယူက အဆင့် (၄) နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက ချယ်လ်ဆီးနဲ့ (၂)မှတ်ပဲ ကွာတယ်။ လက်စတာကတော့ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၇)ပွဲမှာ (၂)ပွဲပဲနိုင်ထားပြီး နောက်ဆုုံးကစားခဲ့တဲ့ (၄)ပွဲကိုကြည့်ရင်လည်း မန်စီးတီးနဲ့ ဘရိုက်တန်ကို ရှုံး၊ ဘန်လေ၊ ပဲလေ့စ်တို့နဲ့ သရေပွဲတွေကျခဲ့တယ်။ ဘရန်ဒန်ရော်ဂျာရဲ့အသင်းက ပုံမှန်အားဖြင့် ခံစစ်ပိုင်းအားကောင်းတဲ့အသင်းဖြစ်ပေမဲ့ ဒီရာသီမှာတော့ ပေးဂိုးတွေများနေပြီး တိုက်စစ်ကလည်း ဂိုးတွေရတယ်။ ဒါကြောင့် လက်စတာရဲ့ပွဲအများစုက High Scoring Game တွေဖြစ်နေတာကို တွေ့ရတယ်။ လက်စတာအသင်းရဲ့တိုက်စစ်မှူး ဗာဒီနဲ့ မန်ယူအသင်းရဲ့တိုက်စစ်မှူး စီရော်နယ်လ်ဒိုတို့က နှစ်သင်းစလုံးအတွက် ဂိုးတွေသွင်းပေးနေတဲ့ ၀ါရင့်ကစားသမားတွေဖြစ်တယ်။ အပြန်အလှန်ဂိုးတွေနဲ့ သရေကျနိုင်တယ်။
မန်စီးတီး – ဘန်လေ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၆ ရက် ည ၈:၃၀ နာရီ)
မန်စီးတီးအသင်းက အမှတ်ပေးဇယားထိပ်ဆုံးနေရာကို တက်နိုင်ဖို့ ကြိုးစားနေတဲ့အသင်းဖြစ်ပြီး ဘန်လေကိုလည်း အခက်အခဲမရှိ အနိုင်ယူလိမ့်မယ်။ ခြေစွမ်းပိုင်းတည်ငြိမ်နေပြီး ပုံစံကောင်းပြနေတယ်။ အထူးသဖြင့် ကွင်းလယ်မှာ ဘာနာဒိုဆေးလ်ဗားရဲ့ အကောင်းဆုံးပုံစံကို ပြန်မြင်နေရတယ်။ ဘန်လေက အားရစရာမရှိသလို၊ ခံစစ်ကလည်း စိတ်ပျက် စရာပါ။ မန်စီးတီး ဂိုးပြတ်သွင်းလိမ့်မယ်။
နောဝစ်ချ် – ဘရိုက်တန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၆ ရက် ည ၈:၃၀ နာရီ)
နှစ်သင်းရဲ့လားရာက ဆန့်ကျင်ဘက်ဖြစ်နေတယ်။ နောဝစ်ချ်အသင်းက အောက်ဆုံးကို ထိုးစိုက်ဆင်းနေပြီး ဘရိုက်တန်ကတော့ အသင်းကြီးတွေနဲ့အပြိုင် ရလဒ်ကောင်းတွေယူနေတဲ့အသင်းဖြစ်တယ်။ ခြေစွမ်းပိုင်းရော၊ မာကျောမှုပါ အားရစရာဖြစ်ပြီး စိတ်ပိုုင်းဆိုင်ရာအရလည်း အမြင့်ဆုံးကိုရောက်နေတာ တွေ့ရတယ်။ နောဝစ်ချ်ကွင်းဆိုပေမဲ့ ဘရိုက်တန်ကိုပဲ ကြိုက်တယ်။ (၀-၁)လောက်ဖြစ်လိမ့်မယ်။
ဆောက်သမ်တန် – လိဒ်စ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၆ ရက် ည ၈:၃၀ နာရီ)
နှစ်သင်းစလုံးက မနှစ်ကခြေစွမ်းကို မပြနိုင်ကြဘူး။ အဆင့် (၁၆)နဲ့ (၁၇)နေရာမှာ ရှိနေလို့ အန္တရာယ်ဇုန်ထဲကို ရောက်နေတယ်လို့ ပြောလို့ရတယ်။ လက်ရှိအနေအထားအရ ဆောက်သမ်တန်ရဲ့ခံစစ်က ပိုကောင်းနေပြီး လိဒ်စ်ကတော့ တိုက်စစ်ပိုင်းအားနည်းနေသလို၊ ခံစစ်ကလည်း ဂိုးတွေဆက်တိုက်ပေးနေရတယ်။ ဒါပေမဲ့ ဆောက်သမ်တန်ဆီက တစ်မှတ်တော့ ခွဲယူနိုင်ပါလိမ့်မယ်။
ဘရန်ဖို့ဒ် – ချယ်လ်ဆီး (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၆ ရက် ည ၁၁:၀၀ နာရီ)
The Bees တွေက ဒီရာသီမှာ အရမ်းကျေနပ်စရာကောင်းတဲ့ ရာသီအဖွင့်ရလဒ်တွေကို ပိုင်ဆိုင်ခဲ့တယ်။ အသင်းလိုက် ခြေစွမ်းက ညီညွတ်ကောင်းမွန်သလို၊ တစ်ဦးချင်းအနေနဲ့လည်း ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်တဲ့ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတာ တွေ့ရတယ်။ လန်ဒန်မြို့ခံအသင်းနှစ်သင်းဆိုပေမဲ့ ဒီနှစ်သင်းရဲ့အခြေအနေနဲ့ အဆင့်အတန်းက အရမ်းကွာပါတယ်။ ဒါပေမဲ့ ဒီရာသီမှာ ဘရန့်ဖို့ဒ် လုပ်ပြနေတာတွေကြောင့် ချယ်လ်ဆီးအနေနဲ့ လျှော့မတွက်သင့်ဘူးလို့တော့ ပြောရမယ်။ နှစ်သင်းစလုံးမှာ ဒဏ်ရာပြဿနာအနည်းငယ်ရှိပေမဲ့ လူကာကူ၊ ကွန်တေတို့ ဒီပွဲမှာ ပြန်ကစားနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပြီး ရီးစ်ဂျိမ်းစ်ကတော့ ကစားနိုင်ဖို့မလွယ်ဘူး။ ချယ်လ်ဆီးက ဘရန့်ဖို့ဒ်တိုက်စစ်ပိုင်းက ဘရိုင်ယန်အမ်ဘူမိုကို သတိထားစောင့်ကြည့်ရမှာဖြစ်ပြီး နော်ဂေါ့၊ တိုနေးတို့ကိုလည်း ဂရုစိုက်ကစားရမယ်။ နှစ်သင်းစလုံး ဂိုးသွင်းနိုင်မယ်လို့ ယူ ဆရတယ်။ (၁-၂)လောက်ပဲ ဖြစ်မယ်ထင်တယ်။