မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမားသစ် ဆန်ချိုက မိမိအနေဖြင့် အသင်းနှင့်အတူ ပရီးမီးယားလိဂ်တွင် ကစားရန် မစောင့်နိုင်တော့ကြောင်း ပြောကြားခဲ့သည်။
မန်ချက်စတာယူနိုက်တက်အသင်းသည် အသက် (၂၁)နှစ်အရွယ်ရှိ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုကို ပေါင် (၇၃)သန်းဖြင့် ခေါ်ယူကာ (၅)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုကြောင်း ဇူလိုင် (၂၃)ရက်တွင် အတည်ပြုကြေညာခဲ့သည်။
ဆန်ချိုက မန်ချက်စတာယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ခွင့်ရခြင်းမှာ မိမိ၏အိပ်မက်များ အမှန်တကယ်ဖြစ်မြောက်လာခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆန်ချိုက “ကျွန်တော့်ကို အသင်းကြီးမှာ စတင်ကစားခွင့်ပေးခဲ့တဲ့ ဒေါ့မွန်အသင်းကို အမြဲတမ်းကျေးဇူးတင်နေမှာပါ။ ဒေါ့မွန်အသင်းမှာ ကစားခဲ့ပေမဲ့ ကျွန်တော့်အနေနဲ့ တစ်နေ့မှာ အင်္ဂလန်ကို ပြန်လာမယ်လို့ အမြဲတမ်းတွေးထားခဲ့တာပါ။ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခွင့်ရတာဟာ ကျွန်တော့်ရဲ့ အိပ်မက်တွေ တကယ်ဖြစ်မြောက်လာတာပါပဲ။ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရဖို့ စောင့်တောင် မစောင့်နိုင်တော့ပါဘူး။ ယူနိုက်တက်အသင်းရဲ့ လူစာရင်းဟာ လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ ပရိသတ်တွေနဲ့ ထိုက်တန်တဲ့ အောင်မြင်မှုတွေကို ရယူနိုင်ဖို့အတွက် တိုးတက်အောင် အစွမ်းကုန်ကြိုးစားသွားမှာပါ”ဟု ပြောကြားခဲ့သည်။
ဆန်ချိုသည် မန်ချက်စတာယူနိုက်တက်အသင်း၏ မြို့ခံပြိုင်ဘက်ဖြစ်သည့် မန်စီးတီးအသင်း အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၇ နွေရာသီတွင် ဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
၎င်းသည် ဒေါ့မွန်အသင်းနှင့် ကျော်ကြားလာခဲ့ပြီး ပြီးခဲ့သည့် (၄)ရာသီအတွင်း ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ (၁၃၇)ပွဲတွင် ဂိုး (၅၀)သွင်းယူပေးခဲ့သည်။