မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပရီးမီးယားလိဂ်ချန်ပီယံဆု မရယူနိုင်ပါက ကျရှုံးမှုဟု သတ်မှတ်ခံရမည်မှာ မိမိတို့ မန်စီးတီးတစ်သင်းသာရှိပြီး ကျန်အသင်းများအတွက် သာမန်သာဖြစ်သည်ဟု ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ လက်ရှိချန်ပီယံ မန်စီးတီးအသင်းသည် ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေဆဲ ဖြစ်သော်လည်း ယခုတစ်ပတ် လူတန်နှင့်ပွဲမတိုင်မီ ပရီးမီးယားလိဂ်(၄)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး အဆိုပါ(၄)ပွဲမှ (၃)မှတ်သာရယူနိုင်ခဲ့သောကြောင့် အမှတ်ပေးဇယားစတုတ္ထနေရာသို့ ရောက်ရှိနေခဲ့ပြီး ဂွါဒီယိုလာနှင့် မန်စီးတီးအသင်းအပေါ် ဝေဖန်မှုများနှင့် မေးခွန်းထုတ်မှုများရှိလာခဲ့သည်။
ထို့ကြောင့် ဂွါဒီယိုလာက မိမိတို့အသင်းမှာ အခြားအသင်းများထက် ပိုမိုမြင့်မားသော စံနှုန်းများနှင့် အကဲဖြတ်ခံနေရပြီး မမျှတသည့် တောင်းဆိုမှုများနှင့် ရင်ဆိုင်နေရကြောင်း သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။
”သူတို့ ကျွန်တော်တို့ဆီက ဘာတွေ တောင်းဆိုနေတာလဲ။ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေဆီကတော့ မတောင်းဆိုကြပါဘူး။ ပရီးမီးယားလိဂ်ချန်ပီယံဆု မရယူနိုင်ရင် ကျရှုံးမှုလို့ သတ်မှတ်ခံရမှာ တစ်သင်းပဲ ရှိပါတယ်။ အဲဒါ ကျွန်တော်တို့ပါပဲ။ ကျန်တဲ့အသင်းတွေကတော့ ချန်ပီယံဆုရရင် ကြီးမားတဲ့အောင် မြင်မှုတစ်ခုပါ။ ဘယ်အသင်းမဆိုပါ။ အဆုံးသတ်မှာ သူတို့ ချန်ပီယံဆု မရယူနိုင်ရင် (အာဆင်နယ်၊ လီဗာပူးလ်၊ ချယ်လ်ဆီး အသင်းတိုင်း) အဲဒါက သာမန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ မန်စီးတီးအသင်း ရသင့်လို့ပါ။ ဒါက မျှတမှုမရှိပါဘူး။ အသင်းရဲ့ ဟန်ချက်ကို အပတ်စဉ်ထိန်းသိမ်းနိုင်ဖို့၊ (၃)ရက်တစ်ခါ ထိန်းသိမ်းနိုင်ဖို့၊ နှစ်တွေအကြာကြီး ထိန်းသိမ်းနိုင်ဖို့ဆိုတာ ခက်ခဲပါတယ်”ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
ထို့ပြင် ဂွါဒီယိုလာက လူသားများနည်းတူ ဘောလုံးအသင်းတွင်လည်း ဆိုးရွားသည့် ကာလအပိုင်းအခြားများ ရှိနိုင်ကြောင်း သုံးသပ်ခဲ့သည်။
”မန်စီးတီးအသင်းမှာ ဆိုးရွားတဲ့ ကာလအပိုင်းအခြားရှိနိုင်ပါတယ်။ လူသားတွေ ပြောင်းလဲလာတယ်။ ရှင်သန်မှုပုံစံတွေ ပြောင်းလဲနိုင်တယ်။ အဲဒီမှာ ဆိုးရွားတဲ့ အခိုက်အတန့်တွေ ရှိလာပါတယ်။ ဘောလုံးမှာ၊ အားကစားလောကမှာ၊ ဘဝမှာ အခက်ခဲဆုံးအရာက ဆက်ခါဆက်ခါ အနိုင်ရနေဖို့ပါပဲ။ ကျွန်တော်တို့ အဲဒါကို လုပ်ဆောင်နိုင်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့ ပြိုင်ပွဲတိုင်းမှာ အဓိကစိန်ခေါ်နိုင်သူအဖြစ် နှစ်တွေအများကြီးတည်ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ချန်ပီယံလိဂ်ဆီမီးဖို်င်နယ်က ထွက်ခဲ့ရချိန်မှာ (ရီးယဲလ်နှင့် ၂၀၂၂ ခုနှစ်တွင် ဆုံတွေ့စဉ်)ကြီးမားတဲ့ကံဆိုးမှုဖြစ်ခဲ့ပါတယ်။ အဲဒါဟာ ကျွန်တော်တို့ရဲ့ အဆင့်အတန်းပါ။ အားကစားလောကမှာ ရာသီများစွာ ဖြတ်သန်းရတဲ့အခါ ဆိုးရွားတဲ့ကာလအပိုင်းအခြားတွေ ကြုံတွေ့ရနိုင်ပါတယ်။ ပြိုင်ဘက်တွေကြောင့် ရှုံးနိမ့်မှုတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအခြေအနေအတွက် ကိုယ့်ကိုယ်ကို အားရကျေနပ်တယ်လို့ ကျေးဇူးပြုပြီး မပြောပါနဲ့။ ကျွန်တော်တို့က ဒီလိုတည်ဆောက်ထားတဲ့အသင်း မဟုတ်ပါဘူး”ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။