မန်စီးတီးကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားက မိမိတို့အသင်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ရရှိလာသည့်အခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ဧပြီ ၂၆ ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်ဖြစ်သည့် အမှတ်ပေးဇယားထိပ်ဆုံးမှ အာဆင်နယ် အသင်းကို (၄-၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ ယင်းပွဲအပြီးတွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား၌ အာဆင်နယ်အသင်းသည် ၃၃ ပွဲကစားပြီး ရမှတ် ၇၅ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေဆဲဖြစ်သည်။
သို့သော် ပွဲကျန်နှစ်ပွဲကစားရန် ကျန်ရှိသေးပြီး ၃၁ ပွဲသာ ကစားထားရသေးသည့် မန်စီးတီးအသင်းအနေဖြင့် ရမှတ် ၇၃ မှတ်ရရှိထားရာ ထိပ်ဆုံးမှ အာဆင်နယ်နှင့် နှစ်မှတ်သာ ကွာဟတော့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ကိုယ့်ကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့် ရရှိသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် မန်စီးတီးကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားက မိမိတို့အနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ရရှိလာသည့်အခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ ပွဲတိုင်းကို အလေးအနက်ထားပြီး အနိုင်ရဖို့ ကြိုးစားသွားမှာပါ။ အခုအချိန်မှာ ဖူလ်ဟမ်နဲ့ ကစားရမယ့် ပရီး မီးယားလိဂ်ပွဲစဉ်အတွက် ကျွန်တော်တို့ အာရုံစိုက်ထားပါတယ်။ တကယ်လို့ ဖူလ်ဟမ်အသင်းကိုသာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူဖို့ ခက်ခဲတဲ့အခြေအနေကို ရောက်သွားမှာပါ။ ကျွန်တော့်ရဲ့ မန်စီးတီးကစားသမားဘဝ ဒုတိယရာသီမှာ လီဗာပူးလ်နဲ့ ၁၀ မှတ်အထိ ပြတ်နေခဲ့ပေမဲ့ ကျွန်တော်တို့ နောက်ဆုံးမှာ သူတို့ကိုကျော်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ အရေးကြီးတဲ့အချိန်မှာ အမြဲတမ်းအကောင်းဆုံးကစားနိုင်ခဲ့ပြီး အခုလည်း အဲဒီလို စွမ်းဆောင်သွားမှာပါ” ဟု ဘာနာဒိုဆေးလ်ဗားက ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်ဖြစ်သည့် အာဆင်နယ်အသင်းကို အနိုင်ရခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် သေချာသလောက်ဖြစ်သွားပြီဟု ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။ ထို့ပြင် မန်စီးတီးအသင်း သည် ယခုရာသီတွင် FA ဖလားဗိုလ်လုပွဲနှင့် ချန်ပီယံလိဂ်တွင် ဆီမီးဖိုင်နယ် တက်ရောက်ထားသောကြောင့် ဖလားသုံးလုံးရရန် အခွင့်အရေးရှိနေသည်။ ဘာနာဒိုဆေးလ်ဗားက မိမိတို့အနေဖြင့် လက်ရှိတွင် ဖလားသုံးလုံးယူ ရန်ရည်မှန်းထားကြောင်းလည်း ဆိုခဲ့သည်။