လာမည့်ရာသီတွင် ရိုးမားအသင်းကို စတင်ကိုင်တွယ်မည့် ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုက မိမိအနေဖြင့် ရိုးမားအသင်း ပရိသတ်များ၏ အသင်းအပေါ် အရူးအမူးအားပေးမှုကြောင့် အသင်းနည်းပြရာထူးကို လက်ခံခဲ့ခြင်းဖြစ်ပြီး အောင်မြင်မှုများ ရရှိရန် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း အသင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။
ရိုးမားအသင်းသည် မေလ (၄)ရက်တွင် ယခုရာသီကုန်၌ လက်ရှိအသင်းနည်းပြ ဖွန်ဆီကာနှင့်လမ်းခွဲမည်ဟု ကြေညာခဲ့ပြီး နာရီပိုင်းအကြာတွင် မော်ရင်ဟိုကို နည်းပြအဖြစ်ခန့်အပ်ကြောင်း နှင့် မော်ရင်ဟိုအနေဖြင့် ရိုးမားအသင်းကို လာမည့် ၂၀၂၁-၂၂ ရာသီမှစတင်ကာ ကိုင်တွယ်သွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။ ရိုးမားအသင်းအနေဖြင့် မော်ရင်ဟို၏ စာချုပ်သက်တမ်းကို ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိ (၃) နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်သည်ဟု ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
အသက် (၅၈)နှစ်အရွယ်ရှိ မော်ရင်ဟိုသည် ဧပြီ(၁၈)ရက် တွင် စပါးအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီး (၁၆)ရက်အ ကြာတွင် ရိုးမားအသင်းကိုကိုင်တွယ်ရန် လက်ခံခဲ့ခြင်းဖြစ်သည်။ ရိုးမားအသင်းသည် မော်ရင်ဟို၏ နည်းပြဘဝနှစ်(၂၀)ကျော်ကာလအတွင်း ကိုင်တွယ်မည့် (၉)သင်းမြောက် ဖြစ်လာမည်ဖြစ်ပြီး အင်တာမီလန်ပြီးနောက် ဒုတိယမြောက် အီတလီကလပ်ဖြစ်လာမည်ဖြစ်သည်။ မော်ရင်ဟိုသည် အင်တာမီလန်ကို (၂)ရာသီကိုင်တွယ်ခဲ့ပြီး စီးရီးအေချန်ပီယံ (၂)ကြိမ်၊ ချန်ပီယံလိဂ်(၁)ကြိမ်အပါ အဝင် ဆုဖလား (၅)လုံးအထိ ရယူပေးနိုင်ခဲ့သည်။
မော်ရင်ဟိုက ” ကြီးကျယ်ခမ်းနားတဲ့အသင်းကို ဦးဆောင်ဖို့ ကျွန်တော့်ကိုရွေးချယ်ခဲ့တဲ့ ဖရက်ဒ်ကင်မိသားစု (ရိုးမားအသင်း၏ အဓိကရှယ်ယာရှင်)ကို ကျေးဇူးတင်ပါတယ်။ အသင်းပိုင်ရှင်၊ သီယာဂိုပင်တို (ရိုးမားအားကစားဒါရိုက်တာ)တို့နဲ့ တွေ့ဆုံအပြီးမှာ အသင်းအတွက် သူတို့ရဲ့ရည်မှန်းချက်တွေကို သိခဲ့ရပါတယ်။ သူတို့ရဲ့ရည်မှန်းချက်တွေက ကျွန်တော် အမြဲတမ်းလိုချင်နေတာနဲ့ အတူတူပါပဲ။ လာမယ့်နှစ်တွေမှာ အောင်မြင်တဲ့စီမံကိန်းတွေကို ကျွန်တော်တို့ တည်ဆောက်သွားမှာပါ။ ရိုးမားအသင်းပရိသတ်တွေ ရဲ့ အသင်းအပေါ်အရူးအမူးအားပေးမှုတွေက ကျွန်တော့်ကို ဒီအ လုပ်လက်ခံဖို့ ယုံကြည်မှုရစေခဲ့တာပါ။ နောက်ရာသီစဖို့တောင် မစောင့်နိုင်တော့ပါဘူး။ အခုအချိန်မှာ ဖွန်ဆီကာ အကောင်းဆုံး လုပ်နိုင်ပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်” ဟု ဆိုခဲ့သည်။