မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဖြစ်တဲ့ ပေါလ် ပေါ့ဂ်ဘာဟာ ကလပ်အသင်းနဲ့ စာချုပ် သက်တမ်း မတိုးနိုင်သေးတဲ့ အတွက် သူဟာ မကြာခင် အသင်း ပြောင်းတော့မလား ဆိုတဲ့ ဝေဖန်သံတွေဟာ မကြာခန ဆိုသလို ထွက်ပေါ် နေခဲ့ရ ပါတယ် ။
အခြားတဖက်မှာတော့ သူ့ကို ခေါ်ယူဖို့အတွက် အသင်းဟောင်း ဂျူဗင်တပ် ၊ လာလီဂါ ထိပ်သီး ရီးယဲ မက်ဒရစ် နဲ့ လီဂူး ဝမ်း ထိပ်သီး PSG အသင်းတွေက သတင်းကြီး နေခဲ့ကြ ပါတယ် ။ ဒါပေမဲ့ သူရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အတည်ပြုမှု တစ်ခုမှ မထွက်ပေါ်ခဲ့သေးပါဘူး ။
မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ပြင်သစ် လက်ရွေးစင်ကို ပရီးမီးယားလိဂ်ရဲ့ လစာအကောင်းဆုံး ကစားသမား ဖြစ်အောင် ကမ်းလှမ်းမှု လုပ်ဆောင်လိုနေတယ်လို့ သတင်းတော့ ထွက်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ တရားဝင် သတင်းထွက်တာ ၊ ကမ်းလှမ်းတာမျိုး အခုထိ မရှိခဲ့သေးပါဘူး ။
အခြားတဖက်မှာတော့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် ပေါ့ဂ်ဘာဟာ ယူနိုက်တက်မှာ ပရိသတ်တွေ မျှော်လင့် နေကြသလောက် ပုံစံကောင်း မပြသနိုင်ခဲ့ပေမယ့် ပြင်သစ် လက်ရွေးစင် အသင်းမှာတော့ အံ့ဖွယ် ခြေစွမ်းတွေ ပြသရင်း ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ် ကစားသမား တစ်ဦးဖြစ်ကြောင်း သက်သေထူနေခဲ့ ပါတယ် ။
ဒါ့ကြောင့်လည်း သူ့ကို ခေါ်ယူလိုတဲ့ အသင်းတွေ ရှိနေတယ်ဆိုပြီး ကောလဟာလ သတင်းတွေ မကြာခန ထွက်နေခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ ပေါ့ဂ်ဘာဟာ ကောလဟာလ သတင်းတွေ ပိုမို ကျယ်လောင်စေတဲ့ အပြုအမူ တစ်ခု လုပ်ပြလိုက်ပြန်ပါပြီ ။
အဲ့တာကတော့ ပေါ့ဂ်ဘာ ဆံပင်ကေ ပြောင်းလိုက်ခြင်း ပါပဲ ။ ပေါ့ဂ်ဘာ ဆိုတာ ဆံပင်ကေ မကြာမကြာ ပြောင်းတတ်တဲ့ ကစားသမား တစ်ဦး ဖြစ်တယ်ဆိုတာ အားလုံး သိကြပါတယ် ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူရဲ့ ဆံပင်ကေ ပြောင်းလဲပုံက ဂျူဗင်တပ် အသင်းကို ကိုယ်စားပြုသလိုမျိုး ဖြစ်နေခဲ့ ပါတယ် ။
ပေါ့ဂ်ဘာဟာ ဆံပင် ညှပ်ပြီးနောက် ခေါင်းကို အဖြူ နဲ့ အမည်း ကွက်ကျား ဆေးဆိုးခဲ့ ပါတယ် ။ ဒါဟာ ဂျူဗင်တပ် ဂျာစီက အရောင်နဲ့ ဆင်တူ နေခဲ့တဲ့ အတွက် ဝေဖန်သူတွေက ငြိမ်မနေကြတော့ပဲ ဒီဆံပင်ကေဟာ သူ့ရဲ့လာမယ့် အနာဂတ်ကို ရည်ညွှန်းသလား ဆိုပြီး မေးခွန်းထုတ်ခဲ့ကြ ပါတယ် ။
ဒါပေမဲ့ ပေါ့ဂ်ဘာ ကတော့ ဆံပင် ပုံစံ ပြောင်းပြီးနောက် ဒီလို မေးခွန်းမျိုး လာလိမ့်မယ်ဆိုတာ ကြိုတင် သိရှိနေခဲ့ကြောင်း ၊ သူဟာ အနာဂတ် အကြောင်း ဘာမှ တွေးထားတာ မရှိသေးကြောင်း ၊ လက်ရွေးစင် အသင်း အတွက်ပဲ အာရုံစိုက် နေကြောင်း ဖြေရှင်းချက် ပြန်ပေး သွားခဲ့လိုက် ပါတယ် ။
” ဒီည ကျွန်တော့်ရဲ့ ဆံပင် ပုံစံက ဂျူဗင်တပ် ဂျာစီလို အဖြူ နဲ့ အမည်း ဖြစ်နေခဲ့တာလား ? ကျွန်တော်က ဒီလို မေးခွန်းမျိုး လာမယ်လို့ မျှော်လင့်ပြီးသားပါ… ”
” ကျွန်တော်က အနာဂတ်အကြောင်း တွေးမနေပါဘူး ။ ကျွန်တော်ဟာ ယူရို ပြိုင်ပွဲ တစ်ခုထဲ အပေါ်ပဲ အာရုံစိုက် နေပါတယ် ။ ပြီးတော့ ကျွန်တော် ဆံပင်ကေ အမြဲတမ်း ပြောင်းတယ်လေ ။ ဒါကို ခင်ဗျားတို့ သိပြီးသားပါ ” လို့ ပေါ့ဂ်ဘာ က ဝေဖန်မှု အတွက် ဖြေရှင်းချက် ပေးဆောင် သွားခဲ့လိုက် ပါတယ် ။