ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ ပထမ အသင်း ရဲ့ ပွဲထွက်စာရင်း အတွက် ထိပ်တန်း ကစားသမားသစ် ခေါ်ယူမှု ၆ခု အထိ ပြုလုပ်ခဲ့သလို ၊ ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာလည်း ကစားသမားသစ် ၁ဦးစ ၊ ၂ဦးစလောက် ခေါ်ယူသွားဖို့ ရှိနေပါတယ် ။
ဒီတကြိမ်မှာတော့ ချဲလ်ဆီး အသင်း ဟာ အသုံးမလိုတော့တဲ့ ကစားသမား အများအပြား ကို အငှား သို့မဟုတ် အပြီးသတ် ရောင်းချသွားဖို့ ကို အဓိက ကြိုးပမ်းသွားမှာ ဖြစ်ပါတယ် ။ အထူးသဖြင့် ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆို ၊ ဗဟို ခံစစ်မှူး ဖီကာယို တိုမိုရီ ၊ ဂိုးသမား ကီပါ အရီဇာဘာလာဂါ တို့ဟာ ချဲလ်ဆီး အသင်း ရဲ့ ဇန်နဝါရီ အငှား နဲ့ အရောင်း စာရင်းထဲမှာ ပါဝင်နေပါတယ် ။
ကိုင်ဟာဗက်ဇ် မတိုင်မီ က ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ချဲလ်ဆီး သို့ ရောက်ရှိလာခဲ့တဲ့ စပိန် လက်ရွေးစင် ဂိုးသမား ကီပါ အရီဇာဘာလာဂါ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ၂ခု အတွင်း တန်ကြေး နဲ့ ထိုက်တန်တဲ့ လက်စွမ်းမျိုး မပြနိုင်ခဲ့တဲ့ အပြင် ၊ ဂိုးသမား တယောက် အနေနဲ့ မပြုလုပ်သင့်တဲ့ အမှားများစွာလည်း ကျူးလွန်ခဲ့ပါသေးတယ် ။
လက်စွမ်းတွေ မတည်မငြိမ်ဖြစ်ခဲ့လို့ ၊ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီ က ကီပါ ကို ၂ကြိမ်တိုင်တိုင် Line-up အောက်ခဲ့ပြီး ၊ အရန် နဲ့ ဝါရင့် ဂိုးသမား ဝီလီ ကာဘယ်လာရို ကို အရဲစွန့် နေရာပေးခဲ့ပါသေးတယ် ။ ဒီရာသီမှာတော့ ကီပါ ရဲ့ အရေးကို ဖြေရှင်းဖို့ ချဲလ်ဆီး အသင်း ဟာ ရန်းနက်စ် အသင်း ကနေ ဆီနီဂေါ လက်ရွေးစင် ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီ ကို ပေါင် ၂၂ သန်း နဲ့ ခေါ်ယူခဲ့ပါတယ် ။
မန်ဒီ ဟာ ကီပါ ရဲ့ ပွဲထွက် နေရာ နဲ့ အပြည့်အဝ ထိုက်တန်မှု ရှိကြောင်း ကို ပရီးမီးယားလိဂ် Clean Sheet ၆ပွဲအထိ စွမ်းဆောင်ပေးခဲ့ခြင်း က သက်သေထူနေပါတယ် ။ ဒီတော့ လောလောဆယ်မှာ ကီပါ အဖို့ မန်ဒီ ကို ပြန်ကျော်နိုင်ဖို့ မလွယ်ကူတဲ့ အတွက် ဇန်နဝါရီ အပြောင်းအရွှေ့ အတွင်း အငှားထွက်ဖို့ ပြင်ဆင်ရပါတော့မယ် ။
လောလောဆယ် မှာတော့ ကီပါ ကို တရားဝင် အငှား ခေါ်ယူဖို့ ချဉ်းကပ်နေတဲ့ ကလပ် တသင်း မှ အတည်တကျ မရှိသေးပါဘူး ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာလည်း ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ကတော့ ကီပါ ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး အခုလို မတင်မကျ အဖြေမျိုး ပြန်ပေးလာခဲ့ပါတယ် ။
လမ်းပတ် က ” လောလောဆယ် မှာ ကီပါ ဟာ ကျွန်တော်တို့ရဲ့ အသင်းသား တဦးပါပဲ ။ အက်ဒို ( မန်ဒီ ) ဟာ အခုအခါမှာ ကျွန်တော်တို့ရဲ့ ဂိုးပေါက် ကို အဓိက တာဝန်ယူနေပြီ ဖြစ်လို့ ၊ ဘယ်သူက ကျွန်တော်တို့ အသင်း ရဲ့ နံပါတ်တစ် ဂိုးသမား ဆိုတာ ရှင်းလင်းနေပါပြီ ။ ဒါပေမယ့် ကီပါ ဟာ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲမှာ အကောင်းဆုံး ကြိုးစား ပေးခဲ့သလို ၊ လေ့ကျင့်ရေး အစီအစဉ်မှာလည်း အတတ်နိုင်ဆုံး လေ့ကျင့်ပေးနေပါတယ် ။ “
” သူ့ရဲ့ ကလပ် အတွင်း ခံယူချက် က လုံးဝ လေးစား အတုယူဖွယ်ပါ ။ ဒီတော့ ကျွန်တော့ အနေနဲ့ ကီပါ ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး တိတိကျကျ မှတ်ချက်ပေးနိုင်ခြင်း မရှိသေးပါဘူး ။ သူဟာ ကျွန်တော်တို့ အသင်း ရဲ့ ကစားသမား တဦး အဖြစ် ဆက်ရှိနေဆဲပါ ။ ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့ ။ “
” ဒါပေမယ့် ကီပါ ရဲ့ အနာဂတ် က ဘယ်မှာရှိမှာလဲ ၊ ဘယ်မှာ မရှိဘူးလဲ ဆိုတာကိုတော့ ကျွန်တော် အရိပ်အမြွက် ပေးသွားမှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ မနက်ဖြန်ည အက်ဖ်အေ ဖလား တတိယ အဆင့် ပွဲမှာ ချဲလ်ဆီး အသင်း နဲ့ ရင်ဆိုင်မယ့် အင်္ဂလန် လိဂ်တူး ကလပ် မော်ကမ်ဘီ အသင်း မှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်မှု နဲ့ ပတ်သက်ပြီး အခက်အခဲ အနည်းငယ် ရင်ဆိုင်နေရပါတယ် ။
အိမ်ရှင် ချဲလ်ဆီး အသင်း က အဖွဲ့ဝင် တချို့မှာလည်း ကိုဗစ် ပေါ့စတစ် ဖြစ်သူတွေ ရှိနေကြောင်း ကို ပြီးခဲ့တဲ့ မန်စီးတီး နဲ့ ပွဲမတိုင်ခင် ကတည်းက ဖရန့် လမ်းပတ် မှ အတည်ပြု ပေးခဲ့ပါတယ် ။ အခုတခါမှာလည်း လက်ရှိ ချဲလ်ဆီး အသင်း ရဲ့ ကိုဗစ် အခြေအနေ ကို လမ်းပတ် က ထပ်မံ အကြောင်းပြန်ပေးခဲ့ပါတယ် ။
လမ်းပတ် က ” မလိုအပ်ပဲနဲ့ မော်ကမ်ဘီ အသင်း ရဲ့ ကိုဗစ် အခြေအနေ ကို ကျွန်တော် မှတ်ချက် မပေးလိုပါဘူး ။ ဒါပေမယ့် ပြည်တွင်း ရောဂါ ကူးစက်မှု အနေအထားကြောင့် ကျွန်တော် စိတ်တော့ပူမိပါတယ် ။ ကျွန်တော်တို့ အသင်း အတွင်းမှာလည်း ကူးစက်မှု တချို့တော့ ရှိပါတယ် ။ နောက်ဆုံး ဆေးစစ်ချက် ၂ခု အရတော့ ကစားသမားတွေမှာ ကိုဗစ် ပေါ့စတစ် ဖြစ်ထားခြင်း မရှိပါဘူး ။ “
” ကျွန်တော် တို့ရဲ့ ဆေးအဖွဲ့ ဟာ လုံးဝ အံ့သြဖွယ် ကောင်းပြီး ၊ ပရီးမီးယားလိဂ် က သတ်မှတ်ထားတာထက်တောင် ပိုပြီး သတိကြီးသလို ၊ ကစားသမားတွေကို အချိန်တိုင်း ဆေးစစ်ပေးနေပါတယ် ။ ကျွန်တော် တို့ဟာ ဘယ်သူ့ကိုမှ အရဲစွန့် လွှတ်ပေးတာမျိုး မရှိပါဘူး ။ ဒီ နိုင်ငံ ဟာ အကြောင်းအရင်း ရှိလို့ ၊ Lockdown ကျနေရတာပါ ။ “
” ဘောလုံး က ဒီအခြေအနေမှာ ဆက်ပြီး ဖြစ်ပေါ်နေသေးတယ် ဆိုရင် ၊ တခြား ပြည်တွင်း က နေရာတွေမှာလည်း အပြည့်အဝ ပိတ်သိမ်းထားခြင်း မရှိပဲ ၊ အရောအနှော ဆက်လက် ဖြစ်နေတာကို ဖော်ပြနေတာပါပဲ ။ ဒီတော့ ဒါဟာ ပုံမှန် မဟုတ်တဲ့ အခြေအနေ ဖြစ်လို့ ၊ ကျွန်တော်တို့ အနေနဲ့ ခါတိုင်းထက် ပိုပြီး ပိုပြီး သတိထားရမှာပါ ။ “
” ကျွန်တော် ကိုယ်တိုင်လည်း အခုလုပ်နေတဲ့ အရာတွေ အပေါ် ဘယ်လိုမှ သက်တောင့်သက်သာ ဖြစ်မနေပါဘူး ။ ကျွန်တော် တို့ဟာ နောက်ဆုံး သတ်မှတ်ထားတဲ့မျဉ်း နဲ့ လက်တလုံးပဲ ခြားတဲ့ အနေအထားမှာ ရှိနေတာပါ ။ ရှေ့ဆက် ပွဲတွေကစားဖို့ လိုပေမယ့် ၊ လူတွေရဲ့ အသက် ဘေးကင်းဖို့ က အဓိက ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။