မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ မနက်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် 9 အဖြစ် ဝက်စ်ဘရွန်း အသင်းကို အိုးလ် ထရပ်ဖို့ဒ်မှာ ဧည့်ခံ ကစား ခဲ့ပြီး 1 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ နိုင်ခဲ့ ပါတယ် ။ ဒါက ယူနိုက်တက် အသင်းရဲ့ ဒီရာသီ ပထမဆုံး အိမ်ကွင်း နိုင်ပွဲ ဖြစ်သွား ခဲ့ရ ပါတယ် ။
အဆိုပါ ပွဲစဉ်မှာတော့ ယူနိုက်တက် ကစားသမား တွေရဲ့ တိုက်စစ်ပိုင်း စွမ်းဆောင်ရည် တွေက အားရ ကျေနပ်စရာ မဖြစ်ခဲ့ ပေမယ့် မာတာကြောင့် ရရှိ ခဲ့တဲ့ ပင်နယ်တီကို ဘရူနို ဖာနန်ဒက်စ် က ဂိုးအဖြစ် ပြောင်းလဲ သွားနိုင် ခဲ့တာကြောင့် သရဲနီ တို့ဟာ အခုလို နိုင်ပွဲ ရယူ နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။
အဆိုပါ ပင်နယ်တီကို ကန်သွင်းရာ မှာလည်း ပထမ တစ်ကြိမ်မှာ ဝက်စ် ဘရွန်း ဂိုးသမား ဂျွန်စတုန်း က ကာကွယ် သွားနိုင်ခဲ့ ပေမယ့် ဂိုးစည်း ကျော်ပြီး ဖမ်းတာ ဖြစ်ခဲ့တဲ့ အတွက် ဘရူနို က နောက် တစ်ကြိမ် ကန်ခွင့် ရရှိခဲ့ရာမှ ဂိုး အဖြစ် ပြောင်းလဲ ပေးခဲ့တာပဲ ဖြစ်ပါတယ် ။
အဆိုပါ ပွဲစဉ် အပြီးမှာတော့ အနိုင်ဂိုးရှင် ဘရူနို ဖာနန်ဒက်စ် က သူတို့ တွေဟာ အခုထက် အများကြီး ပိုပြီး ကောင်းနိုင်စွမ်း ရှိကြောင်း ဝန်ခံရင်း သူကိုယ်တိုင်လည်း ပင်နယ်တီကို ပထမ အကြိမ် ကန်သွင်း ကတည်းက ဂိုးအဖြစ် ပြောင်းလဲ နိုင်ခဲ့ သင့်ကြောင်း မိမိကိုယ်ကို ဝေဖန် ခဲ့လိုက် ပါတယ် ။
” ဒီပွဲကို အနိုင် ရရှိဖို့ ဆိုတာက ကျွန်တော်တို့တွေ အတွက် အရမ်းကို အရေးကြီးလွန်းခဲ့ ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ အမှတ်တွေ လိုအပ် နေခဲ့လို့ ပါပဲ ။ ဒါဟာ ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ရ ပါတယ် ။ ကျွန်တော်တို့ ဒီထက် အများကြီး ပိုကောင်းခဲ့သင့် ပါတယ် ”
” ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ဖန်တီး နိုင်ခဲ့ကြ ပါတယ် ။ ကျွန်တော် တို့မှာ ပိုကောင်းအောင် လုပ်နိုင်ဖို့ အတွက် အရည်အသွေး တွေလည်း ရှိနေခဲ့ ပါတယ် ” လို့ ဘရူနို က ပြောကြားရင်း ပထမ တစ်ကြိမ် ပင်နယ်တီ လွဲချော် ခဲ့တာ နဲ့ ပတ်သက်လို့ …
” ဒါဟာ မကောင်းခဲ့ပါဘူး ။ ကျွန်တော့် အနေနဲ့ ပထမ တစ်ကြိမ် ကတည်းက ဂိုးဖြစ် နိုင်ခဲ့သင့် ပါတယ် ။ ဒီအတွက် ကျွန်တော် မပျော်ရွှင် ခဲ့ရ ပါဘူး ။ ကျွန်တော်ဟာ ဒုတိယ တစ်လုံးကို ဂိုး ဖြစ်အောင် ကန်နိုင်ခဲ့ ပေမယ့် ပထမ တစ်လုံးကို လွဲချော် သွားခဲ့ရ ပါတယ် ” လို့ ဘရူနို ဖာနန်ဒက်စ် က ပြောကြား ခဲ့လိုက် ပါတယ် ။
အဆိုပါ ပွဲစဉ် မှာတော့ ဘရူနို ဖာနန်ဒက်စ် ဟာ အရေး ပါတဲ့ အခိုက်အတန့် တွေမှာ မကြာခန ပါဝင် ပတ်သက်သူ ဖြစ်ခဲ့ရ ပါတယ် ။ အထူးသဖြင့် တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ် နေခဲ့တဲ့ ဒုတိယပိုင်း ပွဲချိန် အစမှာ သူဟာ ဂိုး ဧရိယာထဲ ဂယ်လေဂါ ကို ပစ်ဒဏ် ကျူးလွန် သလို ဖြစ်ခဲ့ရ ပါတယ် ။ အဆိုပါ အဖြစ်အပျက် နဲ့ ပတ်သက်လို့ …
” ကျွန်တော်ဟာ ဘောလုံးကို ထိမိတယ်လို့ ခံစားခဲ့ရ ပါတယ် ။ ပြီးမှ သူနဲ့ ထိတာက ဒုတိယမြောက် အထိအတွေ့ ဖြစ်ခဲ့ရ ပါတယ် ” လို့ ဂယ်လေဂါ နဲ့ သူနဲ့ ပစ်ဒဏ် ကျူးလွန်မှု ဖြစ်ပွား ခဲ့တဲ့ အပေါ် ဘရူနို ဖာနန်ဒက်စ် က ပြန်လည် ဖြေရှင်း စကား ပြောဆို သွားခဲ့လိုက် ပါတယ် ။