မန်ယူတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် ပခုံးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူရန် ဆုံးဖြတ်ခဲ့သောကြောင့် အောက်တိုဘာလကုန်အထိ ဘောလုံးကစားနိုင်ဖွယ်မရှိကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။
ရပ်ရှ်ဖို့ဒ်သည် ယမန်နှစ်ရာသီ ဒုတိယရာသီဝက်ကတည်းက ယင်းပခုံးဒဏ်ရာပြဿနာရှိနေခြင်းဖြစ်ပြီး ယင်းဒဏ်ရာပြဿနာရှိနေသည့်ကြားမှ ယူရို-၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန်လက်ရွေးစင်အသင်းတွင် ပါဝင်ကစားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်အင်္ဂါနေ့က ရပ်ရှ်ဖို့ဒ်သည် သူ၏ဒဏ်ရာအား စစ်ဆေးမှုခံယူခဲ့ပြီး ဒဏ်ရာအနေအထားအရ ခွဲစိတ်ကုသမှုခံယူရမည်ဖြစ်ကြောင်း သိရသည်။
ယခု ဇူလိုင်လကုန်မှသာ ခွဲစိတ်ဆရာဝန်က ၎င်းအား ခွဲစိတ်ကုသနိုင်မည်ဖြစ်ပြီး ခွဲစိတ်ပြီးပါက အနည်းဆုံး ရက်သတ္တပတ် ၁၂ ပတ်ခန့် အနားယူရဖွယ်ရှိကြောင်း BBC သတင်းတွင် ရေးသားဖော်ပြထားသည်။
သို့ဖြစ်ရာ လာမည့်ရာသီအစ မန်ယူအသင်း၏ ပွဲစဉ်များကို လွဲချော်တော့မည်ဖြစ်ပြီး အနည်းဆုံး အောက်တိုဘာလအထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။
ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်ရာသီက မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၃၇ ပွဲကစားရာတွင် ၁၁ ဂိုး သွင်းယူနိုင်ခဲ့သော်လည်း ယူရိုပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ပုံမှန်နေရာလည်း ပျောက်ဆုံးခဲ့ရသည်။
ပြိုင်ပွဲတစ်ခုလုံးတွင် ပွဲချိန် ၈၄ မိနစ်သာ အသင်းအတွက် ကစားခဲ့ရပြီး ဗိုလ်လုပွဲပယ်နယ်တီအဆုံးအဖြတ်တွင်လည်း သူ၏ကန်သွင်းမှုမှာ တိုင်ထိထွက်ခဲ့ရသည်။