အာဆင်နယ်အသင်းတိုက်စစ်မှူး အူဘာမီယန်းက နှလုံးအခြေအနေကို စစ်ဆေးပြီးနောက် မိမိအနေဖြင့် ပြီးပြည့်စုံအောင် ကျန်းမာနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။
အသက် ၃၂ နှစ်ရှိပြီဖြစ်သည့် ဂါဘွန် လက်ရွေးစင်အသင်းခေါင်းဆောင် အူဘာမီယန်းသည် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ မတိုင်မီ COVID-19 ရောဂါ Positive တွေ့ရှိမှုကြောင့် ကိုမိုရော့စ်အသင်းနှင့် အုပ်စု အဖွင့်ပွဲကို လွဲချော်ခဲ့သည်။ ၎င်းအနေဖြင့် ဂါနာအသင်းနှင့် အုပ်စုဒုတိယပွဲမတိုင်မီ Quarantine ကာလပြီးဆုံးသွားသော်လည်း ကျန်းမာရေးစစ်ဆေးမှုပြုလုပ်စဉ် နှလုံးရောဂါ ဖြစ်နိုင်ခြေရှိသည့်အလားအလာ တွေ့ရှိရသဖြင့် လက်ကျန်ပွဲစဉ်အားလုံး လွဲချော်ခဲ့ရသလို ကလပ်အသင်းထံ ပြန်လည်စေလွှတ် ခံခဲ့ရသည်။
အူဘာမီယန်းသည် လန်ဒန်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် နှလုံးရောဂါ ရှိမရှိ စစ်ဆေးမှုများပြုလုပ်ခဲ့ရပြီး အခြေအနေ ကောင်းမွန်ကြောင်း ပရိသတ်များအား အသိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။ “သူငယ်ချင်းတို့ နောက်ထပ်စစ်ဆေးမှုတွေလုပ်ဖို့ လန်ဒန်ကို ပြန်လာခဲ့ပါတယ်။ ကျွန်တော့်နှလုံးက လုံးဝကောင်းမွန်တယ်လို့ ပြောပြခွင့်ရတာ အရမ်းပျော်ပါတယ်။ ကျွန်တော် လုံးဝကျန်းမာနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ပေးပို့ခဲ့ကြတဲ့ မက်ဆေ့ချ်တွေအတွက် တကယ်ကျေးဇူးတင်ပါတယ်။ ကျွန်တော်ပြန် ရောက်နေပါပြီ” ဟု အူဘာမီယန်းက Instagram မှတစ်ဆင့် ပြောကြားခဲ့သည်။
အူဘာမီယန်းသည် စည်းကမ်းပိုင်းချိုးဖောက်မှုကြောင့် အာဆင်နယ်အသင်းခေါင်းဆောင်လက်ပတ် ရုပ်သိမ်းခံထားရသည်။