ဒိန်းမတ်အသင်းကွင်းလယ်လူ အဲရစ်ဆင်အနေဖြင့် နှလုံးခုန်နှုန်းမှန်အောင် ပြုလုပ်ပေးသည့်စက်(ICD) ထည့်သွင်းတပ်ဆင်ရမည်ဖြစ်ကြောင်း ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်(DBU) က ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အသက် (၂၉)နှစ်ရှိပြီဖြစ်သည့် အဲရစ်ဆင်သည် ဖင်လန်အသင်းနှင့် ကစားခဲ့သည့် ယူရိုပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် နှလုံးရပ်ကာ လဲကျသွားသဖြင့် ဆေးရုံ၌ ကုသမှုခံယူနေရသည်။
၎င်းအနေဖြင့် အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ဘဲ အခြေအနေတည်ငြိမ်နေပြီဖြစ်သော်လည်း စစ်ဆေးမှုများပြု လုပ်နေရဆဲဖြစ်ပြီး ICD ထည့်သွင်းတပ်ဆင်ရမည်ဖြစ်ကြောင်း DBU က Twitter မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
”ခရစ္စတီယန်အနေနဲ့ မတူညီတဲ့ နှလုံးစစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာ ICD တပ်ဆင်ရမယ်လို့ ဆုံးဖြတ်လိုက်ပါပြီ။ နှလုံးထိခိုက်မှုကြောင့် ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းအခြေအနေ ဖြစ်သွားတဲ့အတွက် အဲဒီစက်အသုံးပြုဖို့ လိုအပ်ပါတယ်။ ဒီနည်းလမ်းနဲ့ ဖြေရှင်းဖို့ အဲရစ်ဆင်ကလည်း သဘောတူပါတယ်။ အဲဒီနည်းလမ်းနဲ့ကုသဖို့ ဒိန်းမတ်က အထူးကုဆရာဝန်တွေရော နိုင်ငံတကာက အထူးကုဆရာဝန်တွေကပါ ထောက်ခံချက်ပေးထားပါတယ်” ဟု DBU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ICD ဆိုသည်မှာ နှလုံးခုန်မှန်အောင်ပြုလုပ်ရာတွင် လူနာ၏နှလုံးကို လျှပ်စီးဓာတ်ပေး၍ တိုင်းတာသည့်စက်ဖြစ်ပြီး နယ်သာလန်နောက်ခံလူ ဘလင်းမှာလည်း ယင်းစက်တပ်ဆင်ပြီးနောက် ယူရိုပြိုင်ပွဲ၌ ပါဝင်ကစားလျက်ရှိသည်။
အဲရစ်ဆင်သည် နှလုံးရောဂါ ဖြစ်ပွားဖူးခြင်းမရှိဘဲ ရုတ်တရက် နှလုံးရပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။