မေဆွန် ဂရင်းဝုဒ် ဆိုတာ လက်ရှိ အချိန် အသက် 19 နှစ်သာ ရှိနေသေးတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဆယ်ကျော်သက် အရွယ် ကစားသမားလေး တစ်ဦး ဖြစ်သလို လက်ရှိ အသင်းမှ ဂိုးသွင်း အကောင်းဆုံး တိုက်စစ်မှူး တစ်ဦးအဖြစ် ခြေစွမ်းပြနိုင်သူလည်း ဖြစ်ပါတယ် ။
ဂရင်းဝုဒ်ဟာ 2018-19 ဘောလုံး ရာသီတုန်းက မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ ရှေ့မှောက် ရောက်လာခဲ့သူ ဖြစ်ပြီး အိုလီ ဂန်နား ဆိုးလ်ရှား လက်အောက် ရာသီပိတ် ပွဲစဥ်မှာ ပထမဆုံး အကြိမ် ပွဲထွက် ကစားခွင့် ရရှိခဲ့သူပဲ ဖြစ်ပါတယ် ။
အဆိုပါ အချိန်တုန်းကတော့ သူဟာ နံပါတ် 54 ဂျာစီကို ဝတ်ဆင် ကစားခဲ့ရပြီး နောက်ရာသီသစ် မှာတော့ နံပါတ် 26 ဂျာစီကို ဆင်မြန်း ကစားခွင့် ရရှိခဲ့ ပါတယ် ။ အဆိုပါ ဘောလုံး ရာသီမှာတော့ ဂရင်းဝုဒ်ဟာ မာရှယ် နဲ့ ရပ်ရှ်ဖို့ တို့ရဲ့နောက် အသင်းရဲ့ တတိယမြောက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်နိုင်ခဲ့ ပါတယ် ။
ဂရင်းဝုဒ်ဟာ 2019-20 ဘောလုံး ရာသီအတွင်း အသင်း အတွက် ပြိုင်ပွဲစုံ 18 ဂိုး အထိ သွင်းယူ ပေးထားနိုင်ခဲ့ပြီး အားရကျေနပ်ဖွယ် ကောင်းတဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့တဲ့အတွက် ပရိသတ်တွေက အသင်းရဲ့ အရေးပါတဲ့ကျောနံပါတ် တစ်ခု ပေးအပ်ဖို့ တောင်းဆိုခဲ့ကြပါသေးတယ် ။
အဲ့ဒီနောက် 2020 – 21 ရာသီမှာတော့ ဂရင်းဝုဒ်ဟာ ရိုင်ယန်ဂစ် ၊ အန်ဒရေး ကန်ချဲလ်စကီး ၊ မာ့ခ် ဟုချ် နဲ့ ဂျော့ချ် ဘတ်စ် တို့ ဆင်မြန်း ကစားခဲ့ကြတဲ့ အသင်းရဲ့သမိုင်းဝင် ကျောနံပါတ် 11 ဂျာစီကို ဝတ်ဆင်ခွင့် ပိုင်ဆိုင် သွားနိုင်ခဲ့ ပါတယ် ။ ဒါကို ကစားသမား ကိုယ်တိုင် ကလည်း လိုလို ချင်ချင်နဲ့ လက်ခံခဲ့ ပါတယ် ။
အခုတော့ ဂရင်းဝုဒ် က ဒါဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ခမ်းနားလှတဲ့ သမိုင်းဝင် ကျောနံပါတ် တစ်ခု ဖြစ်တာနဲ့တင် ဒီဂျာစီကို ဝတ်ဆင်ဖို့ လိုလိုချင်ချင် ရွေးချယ် လက်ခံခဲ့တာ ဖြစ်ကြောင်း သူ့ရဲ့ ဆုံးဖြတ်ချက်ကို ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။
” ဒါက မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ခမ်းနားတဲ့ ၊ သမိုင်းဝင်လှတဲ့ ကျောနံပါတ် တစ်ခုပါပဲ ။ ဒါဟာ ဒီဂျာစီကို ကျွန်တော် ရွေးချယ်ခဲ့ရတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခု ဖြစ်ခဲ့ရ ပါတယ် “
” ဒီဂျာစီကို ဝတ်ဆင်ခွင့် ရရှိနေခဲ့တဲ့ အတွက် ကျွန်တော် အရမ်းကို ဂုဏ်ယူရ ပါတယ် ။ ဒီ ကျောနံပါတ်ကို ရနိုင်ဖို့ တန်းစီနေခဲ့တဲ့ ကစားသမား အများကြီးကို ကျော်ဖြတ်ပြီးတော့မှ ကျွန်တော် ဒါကို ရခဲ့တာပါ ။ ရိုင်ယန်ဂစ်ဟာ ဒါကို ဝတ်ဆင်ပြီး နှစ်တွေ အများကြီး ကစားပေးခဲ့တယ်လေ “
” ဒီနံပါတ် ပါတဲ့ ဂျာစီကို ဝတ်ဆင်ရခြင်းက ကြီးလေးလွန်းတဲ့ တာဝန် တစ်ခုကို ထမ်းဆောင်ခွင့် ရရှိခြင်းပါပဲ ။ ဒါက ကျွန်တော့် အတွက် ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခုပါ ။ ဒါကို ဝတ်ဆင်ပြီး အကောင်းဆုံး ကစားပြနိုင်ဖို့ အတွက် ကျွန်တော် မျှော်လင့် နေပါတယ် ” လို့ ဂရင်းဝုဒ် က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။