ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ အက်စတွန် ဗီလာ အသင်း ကို တဖက် တဂိုးစီ သရေသာ ကစားနိုင်ခဲ့လို့ ၊ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ပွဲမှာ ၄ပွဲအထိ နိုင်ပွဲ ပျောက်ခဲ့သလို ၊ ပရီးမီးယားလိဂ် ချန်ပီယံဆု မျှော်လင့်ချက်လည်း ကုန်သလောက် ရှိနေပါပြီ ။
ထိုပွဲ မတိုင်ခင် ၊ ချဲလ်ဆီး အသင်း ဟာ ဒီရာသီ အတော်လေး အခြေအနေ ယိမ်းယိုင်နေခဲ့တဲ့ အာဆင်နယ် အသင်း ကို အမ်းမရိတ်စ် မှာ မထင်မှတ်ပဲ ၃ – ၁ ရလဒ် နဲ့ အရေးနိမ့်ခဲ့လို့ ၊ ဗီလာ နဲ့ ပွဲမှာ တုန့်ပြန်မှုကောင်းတွေ ပြသခဲ့ပေမယ့် ၊ အနိုင်ရဖို့ အထိ လုံလောက်မှု မရှိခဲ့ပါဘူး ။
ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ဟာ အာဆင်နယ် နဲ့ ပွဲက ပထမပိုင်း စွမ်းဆောင်ရည် အတွက် ကစားသမား တွေကို ပေါ်တင် ဝေဖန် အပြစ်တင်ခဲ့ပေမယ့် ၊ ဗီလာ နဲ့ ပွဲမှာတော့ ချေပဂိုး ပေးခဲ့ရတာက လွဲရင် ၊ သူဟာ အသင်းသား တွေရဲ့ ကြိုးစား အားထုတ်မှု အပေါ် ကျေနပ်မှု ရှိခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ် ။
ဗီလာ နဲ့ ပွဲမှာ အထူး ခြေစွမ်းပြနိုင်ခဲ့တဲ့ ဘယ်နောက်ခံလူ ဘန်ချေဝဲလ် ကလည်း ၎င်းတို့ဟာ အာဆင်နယ် နဲ့ ပွဲက ဆိုးရွားတဲ့ ပထမပိုင်း စွမ်းဆောင်ရည် ကို ဗီလာ နဲ့ ပွဲမှာ အကောင်းဆုံး ပြန်တုန့်ပြန်ခဲ့ကြောင်း နဲ့ အနိုင်မရခဲ့ပေမယ့် ၊ ဒါဟာ အမှန်တကယ် အပေါင်း လက္ခဏာ ဆောင်တယ် လို့ ယုံကြည်ကြောင်းလည်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။
Amazon Prime နဲ့ တွေ့ဆုံခဲ့ရာမှာ ဘန်ချေဝဲလ် က ” မှန်ပါတယ် ။ နည်းပြကြီး ဟာ အာဆင်နယ် နဲ့ ပွဲကထက် ဒီနေ့ ပွဲက ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည် အပေါ် အတော်လေး ကျေနပ် အားရမိတယ် လို့ ထင်ပါတယ် ။ ဒါဟာ အိမ်ကွင်း သရေ ရလဒ် ဖြစ်ပေမယ့် ၊ ကျွန်တော် တို့ဟာ ဒီနေ့ပွဲကို အနိုင် ကစားချင်ခဲ့တာပါ ။ ”
” ဘယ်လိုပဲ ဖြစ်ဖြစ် အသင်းလိုက် စွမ်းဆောင်ရည် နဲ့ ကြိုးစား အားထုတ်မှုတွေက ဒီနေ့မှာ ပိုကောင်းခဲ့ပါတယ် ။ ပြင်းပြတဲ့ ခံယူချက် က ဒီနေ့ပွဲမှာ ကျွန်တော်တို့ မြင်ချင်ခဲ့တဲ့ အရာ ဖြစ်ပါတယ် ။ ဒီတော့ စနေနေ့က ပွဲထက် ပိုကောင်းခဲ့တယ်ပဲ ပြောရမှာပါ ။ ပြိုင်ဖက် အသင်း ဟာ တပွဲလုံးမှာမှ တကြိမ်ပဲ ကောင်းကောင်း ကန်ခွင့် ရခဲ့ပြီး ဂိုးသွင်းသွားခဲ့ပါတယ် ။ ”
” ဒါဟာ စိတ်ပျက်စရာတော့ ကောင်းပေမယ့် ကျွန်တော် တို့ဟာ သရေ ရလဒ် ထဲက အပေါင်း လက္ခဏာ ဆောင်တဲ့ အရာတွေကို ပြန်ပြီး ဆန်းစစ်နိုင်ဖို့ လိုပါတယ် ။ အထူးသဖြင့် ၄၈ နာရီ အကြာ နောက်ထပ် ကစားခဲ့ရတဲ့ ပွဲချိန် အတွင်းက စွမ်းဆောင်ရည်မှာပေါ့ ။ ခြုံပြီး ပြောရရင် ကျွန်တော် တို့ဟာ ကစားပုံ ကောင်းခဲ့သလို ၊ နိုင်လိုစိတ်လည်း ပြသခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ချေဝဲလ် ဟာ ယခုနှစ် ရာသီ ချဲလ်ဆီး အသင်း မှ ခေါ်ယူခဲ့တဲ့ ကစားသမားသစ်တွေ အနက် အထူး ခြေစွမ်းပြနေတဲ့ ကြယ်ပွင့် တဦး ဖြစ်ပြီး ၊ ၎င်းရဲ့ တိုက်စစ် နဲ့ ခံစစ် မျှမျှတတ လိုက်ပါ ကစားနိုင်စွမ်း က အသင်း အတွင်း သိသာ တိုးတက်လာတဲ့ ဧရိယာ တခု ဖြစ်ပါတယ် ။
ဆက်လက်ပြီး ချေဝဲလ် က တိုက်စစ် ကို လိုက်ပါရာမှာ အသင်းဖော်တွေက ဘယ်လို ကူညီ ပံ့ပိုးပေးတဲ့ အကြောင်း နဲ့ ပတ်သက်ပြီး ” ကျွန်တော် ဟာ ဒီကို စရောက်လာကတည်းက ၊ အစွန် နောက်ခံလူ တွေနဲ့ အသင်း ရဲ့ တိုက်စစ် ကို ဘယ်လို ပုံဖော် ကစားဖို့ ရှိတယ် ဆိုတာ စောစောစီးစီး ကြိုသဘောပေါက်ခဲ့ပြီးသားပါ ။ ”
” တိုက်စစ် ကို ပံ့ပိုးပေးဖို့ ကျွန်တော့မှာ လုပ်ပိုင်ခွင့် အပြည့် ရှိသလို ၊ ကွင်းလယ်လူ တွေကလည်း ကျွန်တော် တိုက်စစ် တက်တဲ့အခါ ၊ တန်ပြန် တိုက်စစ် မပွင့်စေဖို့ အတွက် ကူညီ ပံ့ပိုးပေးကြပါတယ် ။ ကျွန်တော့ ရဲ့ ပထမ ဦးစားပေး လုပ်ရမယ့် အလုပ်က ခံစစ်ကစားဖို့ ဖြစ်ပေမယ့် ၊ တိုက်စစ် ကို လိုက်ပါခွင့် ရတိုင်း ထိရောက်တဲ့ ပံ့ပိုးမှုတွေ အမြဲ လုပ်ပေးပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။