ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးတစ်ယောက် နောက်ကြောဒဏ်ရာကြောင့် လာမယ့်ပိုလန်အသင်းနဲ့နေးရှင်းလိဂ်ပွဲတွေအတွက် လူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။ ပိုလန်အသင်းဘက်ကလည်း လီဝန်ဒေါစကီးအနေနဲ့ လာမယ့်ပေါ်တူဂီ ၊ စကော့တလန်တို့နဲ့ပွဲတွေမှာ ပါဝင်မှာမဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။
“လီဝန်ဒေါစကီးတစ်ယောက် အခုလာမယ့်နိုဝင်ဘာနိုင်ငံတကာရက်သတ္တပတ်မှာ အသင်းအတွက်ပါဝင်မှာမဟုတ်ပါဘူး။ အကြောင်းအရင်းကတော့ နောက်ကြောဒဏ်ရာပြဿနာရှိနေတာကြောင့်ပါ။
ဆိုစီဒက်နဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ၁၀ ရက်လောက်နားရတော့မှာပါ”လို့ ပိုလန်အသင်းဘက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဆိုစီဒက်နဲ့ပွဲအပြီးမှာ လီဝန်ဒေါစကီးတစ်ယောက် နောက်ကြောကိုင်ပြီး ထွက်ခွာခဲ့ရပါတယ်။ ဖလစ်ကတော့ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ လီဝန်ဒေါစကီးတစ်ယောက် ကြံ့ခိုင်မှုပြည့်ဝနေဖို့ မျှော်လင့်နေပါတယ်။
လီဝန်ဒေါစကီးဟာ ဒီရာသီလာလီဂါ ၁၃ ပွဲမှာ ၁၄ ဂိုးအထိသွင်းယူပေးထားနိုင်ပါတယ်။