ဘရာဇီးလ်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ကာဖူးက တိုက်စစ်မှူး နေမာသည် မက်ဆီ၊ စီရော်နယ်လ်ဒိုတို့ထက် နည်းစနစ်ပိုင်းတွင် ပိုမိုထူးချွန်သူဖြစ်ပြီး ဦးဆောင်သူဖြစ်အောင် ကြိုးပမ်းသင့်သည်ဟု တိုက်တွန်းပြောကြားခဲ့သည်။
ကာဖူးက နေမာသည် မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နှင့်အတူ ကမ္ဘာ့အကောင်းဆုံး(၃)ဦးစာရင်းတွင် ပါဝင်နေရုံသာမက ယင်းကစားသမားများထက် နည်းစနစ်ပိုင်း၌ ပိုမိုထူးချွန်သည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။
ကာဖူးက ” နေမာဟာ နည်းစနစ်ပိုင်းမှာ မက်ဆီထက်လည်း ပိုကောင်းတယ်၊ စီရော်နယ်လ်ဒိုထက်လည်း ပိုကောင်းပါတယ်။ ဒါပေမဲ့ ဦးဆောင်သူတစ်ယောက်ဖြစ်လာဖို့ လေးလေးစားစားယှဉ်ပြိုင်ဖို့တော့ လိုပါတယ်။ ပွဲအပေါ် ရာနှုန်းပြည့်အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်က နေမာထက် ပိုမကောင်းပါဘူး။ ဒါပေမဲ့ တခြားညာနောက်ခံလူတွေထက်တော့ ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုယ်ကို အဲဒီလိုဖြစ်နေအောင် ဦးတည်ချက်ထားပြီး ယှဉ်ပြိုင်ကစားတာကြောင့်ပါပဲ”ဟု ပြောကြားခဲ့သည်။
နေမာသည် မက်ဆီ၊ စီရော်နယ်လ်ဒိုတို့၏ နေရာကို ဝင်ရောက်လာမည့်သူဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး Ballon d’Or ဆုများကို သိမ်းပိုက်ရယူမည့်သူအဖြစ် ထင်ကြေးပေးခံခဲ့ရသော်လည်း လက်ရှိအချိန်အထိ အဆိုပါဆုကို ရယူနိုင်ခြင်းမရှိသေးပေ။
ထို့ ပြင် အသက်(၂၉)နှစ် ရှိလာပြီဖြစ်သည့်အတွက် ပရိသတ်မျှော်လင့်သလောက်ဖြစ်မလာသူအဖြစ်လည်း ဝေဖန်ခံလာရသည်။
နေမာသည် လာမည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၎င်းအတွက် နောက်ဆုံးပြိုင်ပွဲဖြစ်လာနိုင်သည်ဟုလည်း ဆိုထားသည်။