ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် နိုင်ငံလက်ရွေးစင်အသင်းမှ အနားယူရန် ပြင်ဆင်နေပြီး သူ၏ကျောနံပါတ်(၁၀)ဂျာစီကိုလည်း မိမိအား လွှဲပြောင်းပေးရန် သဘောတူထားကြောင်း အသင်းဖော်ဖြစ်သူ ရီးယဲလ်မက်ဒရစ်တိုက်စစ်ကစားသမား ရိုဒရီဂိုက ဖွင့်ဟခဲ့သည်။
“နေမာက နိုင်ငံလက်ရွေးစင်အသင်းက ထွက်ခွာတော့မှာဖြစ်ပြီး ကျောနံပါတ်(၁၀)က ကျွန်တော့်အတွက်ပဲလို့ ပြောခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ သူ့ကို ဘာပြန်ပြောရမှန်းတောင် မသိခဲ့ဘူး။ ကျွန်တော့်အဖို့ အခက်ကြုံရသလို၊ သင့်တင့်လျောက်ပတ်တဲ့ စကားတောင် မပြောနိုင်လို့ ရယ်ပဲရယ်နေခဲ့ပါ တယ်။ ပြီးမှ သူ့အနေနဲ့ ပွဲတွေကစားဖို့ရှိနေသေးလို့ အခုချိန်မှာ မလိုချင်သေးပါဘူးလို့ပဲ ပြန်ပြောခဲ့တယ်။ ပြီးတော့ သူလည်း ရယ်နေခဲ့တယ်” ဟု ရိုဒရီဂိုက ESPN သတင်းဌာနသို့ ပြောကြားခဲ့သည်။
နေမာသည် အသက်(၁၈)နှစ်အရွယ် ၂၀၁၀ ပြည့်နှစ်တွင် ဘရာဇီးလ်အသင်းအတွက် ပွဲဦးထွက်ခဲ့ပြီး လက်ရှိတွင် နိုင်ငံတကာ ပွဲ (၁၁၉)ပွဲကစားပြီးချိန်၌ (၇၄)ဂိုးအထိ သွင်းယူပေးထားခဲ့သည်။ အသက်(၃၀)နှစ်သာရှိသေးသူ နေမာအနေဖြင့် ဘရာဇီးလ်ဘော လုံးဂန္ထဝင် ပီလီတင်ရှိထားသည့် လက်ရွေးစင်သွင်းဂိုးအများဆုံး စံချိန်ကို လိုက်မီရန် (၅)ဂိုးသာ လိုအပ်တော့ပြီး ယင်းစံချိန်ကိုမူ အရယူဖွယ်ရှိနေသည်။